(အားကစား) ဩဂုတ် ၂၂
ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည် ၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းသည်ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့သိုပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အာရှဘောလုံးအဖွဲချုပ် အကြီးတန်းဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌဦးဇော်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အားကစားသမားများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများ၊ မိဘပြည်သူများနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲစဉ်တွင် ဩစတြေးလျယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုးနိမ်ခဲ့ပြီး ဆုချီးမြှင့်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒုတိယငွေတံဆိပ်ဆု၊ ဂိုးသွင်းအများဆုံးဆုကို ဝင်းသိင်္ဂီထွန်း နှင့် အကောင်းဆုံးဂိုးသမားဆုကို မျိုးမြမြငြိမ်းတို့က ရရှိခဲ့ကြကြောင်း သိရသည်။