ပတွန်တန်ရှင်နာဝပ်ထရာရဲ့ ဖုန်းခေါ်ဆိုတဲ့အမှုကို တရားရုံးက ကြားနာနေ

(နိုင်ငံတကာ) ဩဂုတ် ၂၂

ကမ္ဘောဒီးယားအထက်လွှတ်တော်အမတ် ဟွန်ဆန်ကို ဖုန်းခေါ်ခဲ့တဲ့ အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဩဂုတ်လ ၂၁ ရက်နေ့မှာ ထွက်ဆိုခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက သြဂုတ် ၂၉ ရက်မှာ စီရင်ချက်ချဖို့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း မစ္စ ပတွန်တန် နဲ့ အထက်လွှတ်တော်အမတ် ၃၆ ဦးပါဝင်တဲ့တိုင်ကြားသူတွေဟာ စီရင်ချက်ချမယ့်နေ့ကို လာမယ့် ဗုဒ္ဓဟူးနေ့အစား တနင်္လာနေ့ချိန်းဆိုခဲ့တယ်လို့သိရပြီး အခုလိုချိန်းဆိုရတာဟာ သူတို့ရဲ့ပြင်ဆင်မှုအတွက် အချိန်ပိုရဖို့ တရားသူကြီးတွေက ပြင်ဆင်ခွင့်ပေးခဲ့တာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားသူကြီးတွေဟာ သက်သေနှစ်ဦးဖြတဲ့ ပတွန်တန်နဲ့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး Chatchai Bangchuat တို့ကို ကြားနာခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ် ပတွန်တန် ကို အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့ရင်တော့ ရာထူးက ဖယ်ရှားခံမှာဖြစ်ပြီး ရာထူးကဖယ်ရှားခံရတဲ့ ရှင်နာဝပ်ထရာ မိသားစုရဲ့ တတိယမိသားစုဝင်ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ပတွန်တန် ရဲ့ ဖခင် သက်ဆင်ဟာ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုကနေ ဖြုတ်ချခံခဲ့ရပြီး သူမရဲ့ အဒေါ်ဖြစ်သူ ယင်လပ်ကလည်း ၂၀၁၄ ခုနှစ်အတွင်း စစ်တပ်အာဏာသိမ်းမှုမဖြစ်မီမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

ပတွန်တန် ရာထူးက ဖယ်ရှားခံရပါက အစိုးရအဖွဲ့ကလည်း ရာထူးကဖယ်ရှားခံရမှာဖြစ်ပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေလည်းရှိနိုင်တယ်လို့ ထိုင်းသတင်းတစ်ချို့က ပြောပါတယ်။

ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ ကြားနာစစ်ဆေးမှုဟာ တရားရုံးက သက်ဆင်နဲ့ပတ်သက်တဲ့ အဓိကကျတဲ့နောက်ထပ် စီရင်ချက်မချမီ တစ်ရက်အလိုမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပက်တွန်တန်ကို တိုင်ကြားခဲ့တဲ့အထက်လွှတ်တော်အမတ်တွေဟာ ဟွန်ဆန်နဲ့ တယ်လီဖုန်းခေါ်ဆိုမှုတွေမှာ ဝန်ကြီးတွေရဲ့ကျင့်ဝတ်ဆိုင်ရာ အပြုအမူတွေနဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘောဒီယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ဟာ နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့အသံဖိုင်ကို ဇွန် ၁၈ ရက်က မီဒီယာကို လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးဗျူဟာအဖြစ် ဟွန်ဆန်နဲ့ ဆက်ဆံရာမှာ ညင်သာစွာ ချဉ်းကပ်ဖို့ရည်ရွယ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပက်တွန်တန်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောဆိုထားပါတယ်။