ကလေးမြို့အနီး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်

(မိုး/ဇလ) ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနီး ဗဟိုပြုပြီး ဩဂုတ် ၂၂ ရက်၊ မနက် ၁၁ နာရီ ၂၆ မိနစ်လောက်က အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြေငလျင်စခန်းရဲ့ အရှေ့မြောက်ဘက် ၃၆ မိုင်အကွာ၊ ကလေးမြို့ရဲ့ အနောက်တောင်ဘက် ၁၂ မိုင်အကွာ အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး ၅ ဒသမ ၂ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ တဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတာလို့ ဖော်ပြထားပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဩဂုတ် ၂၁ ရက်၊ မနက် ၉ နာရီကျော်က အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဩဂုတ် ၂၀ ရက်၊ ည ၇ နာရီကျော် အချိန်လောက်ကလည်း ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟို ပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။