ဒီးမော့ဆိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်


(ပြည်တွင်း) ဩဂုတ် ၂၀

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ကို တပ်မတော်စစ်ကြောင်းတွေက ဩဂုတ် ၁၉ ရက်မှာ ပြန်လည်တိုက်ခိုက် ထိန်းချုပ် နိုင်ခဲ့တယ်လို့ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

KNPP၊ KNDF နဲ့ PDF အဖွဲ့တွေက ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ဝင်ရောက်နေရာယူကာ တပ်မတော်တပ်စခန်းတွေ လုံခြုံရေးတပ်ဌာနချုပ်တွေကို ဝင်ရောက်တိုက်ခိုက် တာအပြင် လွိုင်ကော်-ဒီးမော့ဆို-ဘောလ ခဲ ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူတွေ နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုဒေသတစ်ဝိုက် နဲ့ ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တပ်မတော်စစ်ကြောင်းတွေက အခုနှစ် ဩဂုတ် ၄ ရက်က စပြီး ဒီးမော့ဆိုမြို့ရဲ့ မြောက်ဘက်ခြမ်း ရွှေယောက်ရပ်ကွက်အတွင်းရှိ တောင်ငူလမ်းဆုံ နဲ့ အရှေ့တောင်ဘက် ပါဒေါဒူရွာ တို့ကစပြီး လက်နက်ကြီးပစ်ကူတွေနဲ့ စနစ်တကျ အဆင့်ဆင့် ခြေကုပ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီကနေတစ်ဆင့် မြို့တွင်းရှိ မြေပေါ်မြေအောက် ဘန်ကာတွေ အထပ်မြင့် အဆောက်အဦတွေ အပါအဝင် စာသင် ကျောင်း၊ မြို့နယ်ထွေအုပ်ရုံး၊ မီးသတ်တပ်ဖွဲ့နေရာ၊ ချက်ကျောင်း နဲ့ ဆေးရုံနေရာ တွေကို ခက်ခက်ခဲခဲ အချိန်ယူ ရှင်းလင်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၇ ရက်မှာ ဒီးမော့ဆိုမြို့ရဲ့ အရှေ့တောင်ဘက်က ပါဒိုးဒူကျေးရွာ နဲ့ ရှုးဖယ်ခူ ရပ်ကွက်၊ ဩဂုတ် ၁၂ ရက်မှာ ရွှေယောက်ရပ်ကွက်အတွင်းက ဆီဆိုင်နေရာ၊ ဩဂုတ် ၁၄ ရက်မှာ မြို့နယ်ရဲစခန်း၊ မီးသတ်၊ မြို့နယ် ပြည်သူ့ဆေးရုံ နဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဩဂုတ် ၁၅ ရက်မှာ ရွှေယောက်ရပ်ကွက်တစ်ခုလုံး နဲ့ စည်ပင်သာယာရပ်ကွက်ရှိ မြို့နယ်ခန်းမ၊ မြို့မရပ်ကွက်အတွင်းရှိ ချက်ကျောင်းနေရာတွေ နဲ့ ဩဂုတ် ၁၉ ရက်မှာတော့ ဒီးမော့ဆိုမြို့တစ်ခုလုံးကို တပ်မတော်စစ်ကြောင်းတွေက ပြန်လည်ထိန်းချုပ်နိုင်တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ဆင်ရေး ကာလ (၁၆) ရက်အတွင်း လက်နက်ကိုင်အဖွဲ့တွေ နဲ့ တိုက်ပွဲကြီး/ငယ် (၂၃) ကြိမ် ဖြစ်ပွားပြီး ရန်သူထံကနေ အလောင်း (၆) လောင်း နဲ့ လက်နက်မျိုးစုံ (၅)လက် သိမ်းဆည်းရမိ ကာ တပ်မတော်ဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက်ကျဆုံး/ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းတွေက လွိုင်ကော်မြို့ နဲ့ ဒီးမော့ဆိုမြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို အပြီးတိုင် ဆက်လက်ရှင်းလင်းနေပြီး လွိုင်ကော်၊ ဒီးမော့ဆို ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီမှာ ပြန်ဖွင့် နိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကယားပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်/ပိတ်ဆို့ထားတဲ့ မြို့/ရွာတွေ ဆက်သွယ်ရေး လမ်းကြောင်းတွေကို တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးနဲ့ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်က မိုးဗြဲ မြို့ကို ပြန်လည် ထိန်းချုပ်ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်း၊ ဖယ်ခုံအင်း အရှေ့ဘက် ခြမ်းဒေသတစ်ခုလုံးကိုတော့ ဇူလိုင် ၃၁ ရက်က ပြန်လည်ထိန်းချုပ်ပြီး ဖွင့်လှစ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

PAN