တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ နှင့် PDF အမည်ခံအဖွဲ့ဝင် ၁ဝ၄ ဦးလက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

(ပြည်တွင်း) ဩဂုတ် ၁၂

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံ အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြကြောင်း သိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက်အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကိုမိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်း ဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ NH PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ KIA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ ကျောက်ဆည် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မိုးကုတ် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ ပင်းတယမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင်အမျိုးသား ၂ ဦး၊ နမ့်ဆန်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် မိုးမိတ်မြို့နယ် အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းမှ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။

ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် Type-81 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၃၀ တောင့်၊ Type-82 အမျိုး အစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည်၂၁၀ တောင့်၊ MA-3 ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီးတာဝန်ရှိသူများက သေနတ်တစ်လက်လျှင် ဆုကြေးငွေ ကျပ် သိန်း ၅၀ နှုန်းဖြင့် သေနတ် ၃ လက် အတွက် ငွေကျပ် ၁၅၀ သိန်းနှင့် လက်ပစ်ဗုံးတစ်လုံးလျှင် ဆုကြေးငွေကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံး ၁၂ လုံးအတွက် ငွေကျပ် ၃၆ သိန်း၊ စုစုပေါင်းငွေကျပ် ၁၈၆ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြကြောင်း သိရှိရသည်။

ယင်းနောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်း အပ်နှံပေးကြသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါကကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

#PAN