(နိုင်ငံတကာ) ဩဂုတ် ၁၁

အဇာဘိုင်ဂျန်နှင့်အာမေးနီးယားနိုင်ငံတို့အကြား မကြာမီက ရရှိခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကြိုဆိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်တွင် ပြောကြားသည်။
အဆိုပါအရေးနှင့် ပတ်သက်၍ ပြည်ပမှစွက်ဖက်မှုများရှိလာမည်ကို စိုးရိမ်ပူပန်ကြောင်း ယင်းဝန်ကြီးဌာနက မှတ်ချက်ပြု ပြောကြားသည်။
အဇာဘိုင်ဂျန်နှင့်အာမေးနီးယားအကြား ဆယ်စုနှစ်တစ်ခုကြာဖြစ်ပွားခဲ့သည့် နယ်စပ်ဒေသ ပဋိပက္ခအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အိမ်ဖြူတော်တွင် ဩဂုတ်လ ၈ ရက်က နှစ်ဖက်ခေါင်းဆောင် များ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းပဋိပက္ခနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို အီရန် က စောင့်ကြည့်နေပြီး တောင်ပိုင်း ကော့ကေးရှပ်ဒေသတည်ငြိမ်ရေးနှင့်လုံခြုံရေးသည် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွား အတွက် အရေးကြီးကြောင်း အီရန်တာဝန်ရှိသူများ က ပြောကြားသည်။
ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြိုဆိုပြီး ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းသည် ဒေသတွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အရေးကြီးသည့်ခြေလှမ်းဖြစ်ကြောင်း အီရန် က မှတ်ချက်ပြု ပြောကြားသည်။
အီရန်အနေဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံများနှင့်လက်တွဲကာ ဒေသတွင်း ဖွံ့ဖြိုးမှုရရှိစေရေးဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။