တံတားကြောင့် ဒလမြေစျေး သိန်းသောင်းချီထိုးတက်နေ

(စီးပွားရေး) ဩဂုတ် ၁၀

ရန်ကုန်နဲ့ ဒလကိုဆက်သွယ်ထားတဲ့ ဒလတံတားပြီးစီးလုနီးပါဖြစ်လာတာကြောင့် ဒလမြို့နယ်ကမြေစျေးတွေဟာ သိန်း သောင်းချီထိုးတက်လာတယ်လို့ အိမ်​​ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

“တံတားပီးခါနီးလို့ ဒလ မြေ စျေးမတရားအော်နေကြတယ်ဗျ။ တံတားအဆင်းလမ်းမတန်း ဆိုရင်သိန်း ၃၀၀၀၀, ၄၀၀၀၀, ၅၀၀၀၀ လောက်တောင်အော်တာ။ ရပ်ကွက်လမ်းသွယ်ထဲက ကွန်ကရစ်လမ်းမခင်ထားတဲ့ မြေသာလမ်းပေါ်ကအကွက်သေးလေးတွေကိုတောင် ၁၀×၆၀ ကို သိန်း၁၅၀၀ လောက်ခေါ်တယ် ” လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ရန်ကုန် ဒလတံတားကြီးပြီးသွားရင်တော့ သွားလာရတာပိုပြီးအဆင်ပြေမှာဖြစ်သလို ကုန်ပစ္စည်းပို့ဆောင်ရေးတွေမှာ ပိုမိုလွယ်ကူမှာဖြစ်ပြီး ဒလဘက်နဲ့ဆက်စပ်နေတဲ့ တွံတေး၊ ကော့မှူး နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေ အဲ့ဒီအနောက်ဘက်ကကျေးရွာတွေအကုန်လုံးလည်း ဖွံ့ဖြိုးလာမှာသေချာတယ်လို့ ဒလမြို့ခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကို ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ(EDCF Loan)ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း(စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း)နဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။

#PAN