ဘားအံမြို့မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားရ

(ပြည်တွင်း) ဇူလိုင် ၂၉

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေဟာ ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနေသဖြင့် မြို့တွင်းနေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်သူများကို ရေဘေးယာယီ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရပါတယ်။

ရေကြီးရေလျှံနေတဲ့ မြို့တွင်းနေရာများမှာ နေထိုင်သူများကို လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များမှ ရွှေ့ပြောင်း ပေးလျက်ရှိကြောင်း သိရပါတယ်။

လက်ရှိအချိန်၌ ဘားအံမြို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ကာ ရေဘေးသင့် အိမ်ထောင်စု ၁,၀၉၅ စုမှ လူဦးရေ ၅,၁၁၄ ဦးကို ကူညီစောင့်ရှောက်ပေးထားပြီး ရေဘေးသင့်သူများကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဆန်၊ ရေသန့်ဘူးများ၊ ဆီ၊ ကြက်ဥများထောက်ပံ့ပေးထားကာ ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရပါတယ်။