နစက ဥက္ကဋ္ဌရဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို တုံ့ပြန်စာပေးပို့ပြီး နှစ်ပတ် အကြာမှာ မြန်မာလုပ်ငန်းရှင်အချို့ကို အမေရိကန်က ပိတ်ဆို့မှု ရုပ်သိမ်း

(ပြည်တွင်း) ဇူလိုင် ၂၅

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့လုပ်ငန်းရှင်အချို့ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ကြောင်း  ဇူလိုင် ၂၄ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

နစက ဥက္ကဋ္ဌက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှု သတိပေးချက်အား တုံ့ပြန်တဲ့စာမှာ ပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပြီး နှစ်ပတ်အကြာ မှာတော့ အခုလို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ

KT Services & Logistics နဲ့ တည်ထောင်သူ ဂျိုနသန် မျိုးကျော်သောင်း၊

MCM Group နဲ့ ပိုင်ရှင် အောင်လှိုင်ဦး၊

Suntac Technologies ရဲ့ ပိုင်ရှင် စစ်တိုင်းအောင် နဲ့

နောက်ထပ် လုပ်ငန်းရှင် တင်လတ်မင်း တို့ကို

အမေရိကန်နိုင်ငံရဲ့  ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု စာရင်းကနေ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို ၂၀၂၁ခုနှစ် ကနေစပြီး ဒဏ်ခတ် ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

နစက ဥက္ကဌရဲ့ ဇူလိုင် ၁၁ ရက်နေ့က သမ္မတ ထရမ့်ဆီ ပေးပိုတဲ့ စာထဲမှာ  မြန်မာ့ ကုန်ပစ္စည်းတွေ အပေါ်  ၄၀% အခွန်ကောက်မယ့် ကိစ္စကို ထရမ့်အနေနဲ့ လျှော့ပေးဖို တောင်းဆိုခဲ့တာ ဖြစ်ပြီး မြန်မာဘက်ကလည်း အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန် ၀% ကနေ ၁၀% အထိ လျှော့ပေးမယ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည် စဉ်းစားပေးဖို့နဲ့ ဖယ်ရှားပေးဖို့လည်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းဆိုထားတာ ဖြစ်ကြောင်း သိရပါတယ်။