မွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွား နေအိမ်အဆောက်အဦးတွေထိခိုက်

(မိုးဇလ) ဇူလိုင် ၂၄

မွန်ပြည်နယ် သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပေါင်မြို့နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နေအိမ်နဲ့ကျောင်းအဆောက်အဦးတွေ သစဟ်ပင်တွေ လဲပြိုကျမှုတွေဖြစ်ပွားခဲ့တဘ်လို့ သိရပါတယ်။

သထုံမြို့နယ်အတွင်း ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၇ နာရီ ၁၅ အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအတွင်းက ရန်ကုန်-မော်လမြိုင်ကားလမ်းမ‌ဘေးမှာရှိတဲ့ အထက(နောင်ကုလားရှမ်းရွာ)ကျောင်းစာသင်ဆောင်ရဲ့ အမိုးသွပ်တွေ လန်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနည်းတဲပဲ ဒီန့မနက် ၉ နာရီ အချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာအုပ်စု၊ ရွာလယ်ပိုင်းက နေအိမ် (၁၀)လုံးခန့်ဟာလည်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့က ရေးမြို့နယ်မှာ မိုးကြီးလေပြင်းများတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် မီးတိုင်တွေပြိုလဲခဲ့လို့ ရေမြို့မှာ လျှပ်စစ်မီးပျက်တောက်မှုတွေဖြစ်ပေါ်ခဲ့ရတဘ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့နယ်လည်း ဇူလိုင် ၂၃ ရက် ညနေပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းတွေမှာလေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ဝယ်ကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရဲ့ ကျောင်းဆောင်ဟောင်းပြိုကျကာ ရပ်ကွက်အတွင်းက နေအိမ်အချို့ အမိုးများလန်ပြီး ပျက်စီးသွားခဲ့ပြီး အဲ့ဒီလေပြင်းတိုက်ခတ်မှုကြောင့်ပဲ သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက်မှာနေထိုင်တဲ့ မနိုနိုအောင် (၁၃)နှစ်ရဲ့ ဦးခေါင်းနောက်စေ့ (၂) လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)နဲ့ မမိအားချမ်း၊ (၁၃)နှစ်မှာလည်း ဦးခေါင်းနောက်စေ့ (၂)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)တို့ရရှိခဲ့တယ်လို့ သိရပါတယ်။
သံဖြူဇရပ်မြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃၅)လုံးနဲ့ စာသင်ကျောင်းဆောင်(ဟောင်း)အမိုးသွပ်တို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ (၉၂၁၀၀၀၀)ကျပ် ရှိတယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲခန့်ကလည်း သံဖြူဇရပ်မြို့နယ် ကော့လေးကျေးရွာမှာ လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ်ခြေ ၃၀ခန့် သွပ်အမိုးလန်သွားခဲ့သလို သစ်ပင်တွေပြိုလဲတယ်လို့ သိရပြီး ပေါင်မြို့ ပေါင်းရပ်ကွက်၊ ထားဝယ်စုပိုင်း မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်တာတွေ သစ်ပင်တွေနဲ့ ဓာတ်တိုင်ပြိုလဲတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။