(နိုင်ငံတကာ) ဇူလိုင် ၂၀

ဝေါလ်စထရိဂျာနယ်သတင်းစာနှင့် သတင်းစာပိုင်ရှင်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အသရေဖျက်မှုဖြင့် တရားစွဲထားပြီး နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုထားကြောင်း ဇူလိုင်လ ၁၈ ရက်သတင်းများတွင် ရေးသားဖော်ပြထားသည်။
ဝေါလ်စထရိဂျာနယ်သတင်းစာက ထုတ်ပြန်ထားသော နာမည်ပျက် ဘဏ္ဍာရေးလုပ်ငန်းရှင်နှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများကျူးလွန်သူ ဂျက်ဖရီအက်စတိန်းသတင်းကို အကြောင်းပြု၍ သမ္မတ ဒေါ်နယ်ထရမ့် က ဝေါလ်စထရိဂျာနယ်သတင်းစာနှင့် သတင်းစာပိုင်ရှင်များကို တရားစွဲဆိုထားခြင်းဖြစ်သည်။
ဂျက်ဖရီအက်စတိန်း အတွက် အသက် ၅၀ ပြည့် မွေးနေ့လက်ဆောင်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၀၃ ခုနှစ်တွင် ညစ်ညမ်းဟာသစာတစ်စောင်ကို ပေးပို့ခဲ့ဖူးကြောင်း ဝေါလ်စထရိဂျာနယ် သတင်းစာက ရေးသားဖော်ပြထားသည်။
လက်ရှိအချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့် သည် ဝေါလ်စထရိဂျာနယ်သတင်းစာနှင့် ပိုင်ရှင်များကို မိုင်ယာမီဖက်ဒရယ်တရားရုံး၌ တရားစွဲဆိုထားသည်။
ဝေါလ်စထရိဂျာနယ်သတင်းစာကို ပိုင်ဆိုင်သူများထဲတွင် ကမ္ဘာကျော် အမေရိကန်မီဒီယာ သူဌေး ရူးပတ် မားဒေါ့ လည်း ပါဝင်သည်။
ဂျက်ဖရီအက်စတိန်း သည် ၎င်းကျူးလွန်ခဲ့သော ပြစ်ဒဏ်များအတွက် နယူးယောက်မြို့ အကျဉ်းထောင် တစ်ခု၌ ပြစ်ဒဏ်ကျခံနေရစဉ် ၂၀၁၉ ခုနှစ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
#PAN