တာချီလိတ်မြို့ ညဈေးတန်း (ဂေါက်ကွင်းလမ်း)တွင် ဆိုင်ခန်းများအပေါ်သို့ သစ်ပင်ကြီး လဲကျကာ လမ်းဘေးစျေးဆိုင်ပိမိ၊လူ လေးဦးဒဏ်ရာရရှိဟုသိရ

တာချီလိတ်၊ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ဝမ်ကောင်းရပ်ကွက်၊ ဂေါက် ကွင်းလမ်း၊ Tachileik Night Market တာချီလိတ်ညဈေးတန်းရှိ ဈေးဆိုင်ခန်းများပေါ်သို့ ဇူလိုင် ၁၆ ရက်ညပိုင်းက ကုက္ကိုလ်ပင် တစ်ပင် လှဲကျကာ ဆိုင်းခန်းများ ပျက်စီးပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။အဆက်မပြတ်မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၆ ရက်ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ တာချီလိတ်ညဈေးတန်း(Tachileik Night Market)ရှိ လမ်းဘေးတောင် စောင်းမှ ကုက္ကိုလ်ပင် တစ်ပင်သည် ပလပ်စတစ်မိုးကာတဲဖြင့် ရောင်းချနေသည့် ဈေးဆိုင်ခန်း သုံးခန်းပေါ်သို့ လှဲကျရာ ဆိုင်းခန်းများ ပျက်စီးခဲ့ပြီး ဆိုင်ခန်းပိုင်ရှင် ဒေါ်လုံး (၄၅ နှစ်)၊ ဒေါ်သန္တာအေး (၃၃ နှစ်)၊ ဦးအားဆာ (၂၅ နှစ်)နှင့် မောင်ဖိုး သား (၁၅ နှစ်)တို့တွင် သစ်ကိုင်များ ရိုက်မိကာ ဒဏ်ရာ(မစိုးရိပ်)များ အသီးသီးရရှိခဲ့ပြီး တာချီလိတ်ခရိုင်ပြည်သူ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။အဆိုပါ ကုက္ကိုလ်ပင်လှဲကျသည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းထက်အောင် ဦးစီး မီးသတ်တပ်ဖွဲ့ဝင်များက လှဲကျနေသည့် အပင်အား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။