ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကောင်စီအစည်းအဝေး တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပ

(နိုင်ငံတကာ) ဇူလိုင် ၁၆

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဇူလိုင်လ ၁၅ ရက်တွင် တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့၌ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးအား ကြီးမှူးကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဝမ်ရိ က SCO ဖွဲ့စည်းတည်ထောင်သည့် ၂၄ နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် တည်ငြိမ်ကောင်းမွန်စွာတိုးတက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများ အဆက်မပြတ်တိုးချဲ့လာခြင်း၊ နိုင်ငံတကာဂုဏ်သတင်းများ အဆက်မပြတ်မြင့်တက်လာခြင်း၊ မဟာဗျူဟာတန်ဖိုး ပိုမိုသိသာထင်ရှားလာခြင်းသည် အဖွဲ့ဝင်နိုင်ငံများက ဒေသတွင်းတည်ငြိမ်မှု ကာကွယ်ထိန်းသိမ်းရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်ရာတွင် အားကိုးအားထားရာဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများသည် အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ လှုပ်ခတ် ပြောင်းလဲမှုများ ရောယှက်တိုးတက်လာကြောင်း ဝမ်ရိ က ပြောကြားခဲ့သည်။

ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းမှု၊ စီးပွားရေးကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုတို့သည် နက်ရှိုင်းစွာတိုးတက်လျက်ရှိပြီး ကမ္ဘာတောင်ဘက်ခြမ်း အင်အား တောင့်တင်းလာကြောင်း၊ တစ်ချိန်တည်းတွင် ဗိုလ်ကျကြီးစိုးမှုနှင့် အာဏာအင်အားတို့ ခေတ်နောက်ပြန်ဆွဲမှုများ ဖြစ်ပေါ်လာပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒဟူသည့် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်မှုများ လှုပ်ရှားလျက်ရှိကာ ဒေသတွင်းပဋိပက္ခများ အလျှိုလျှိုပေါ်ထွက်လာနေကြောင်း၊ အခြေအနေအသစ်တွင် အဖွဲ့ဝင်နိုင်ငံများက သမိုင်းနှင့် အနာဂတ်အပေါ် တာဝန်ယူသည့်သဘောထားဖြင့် SCO တည်ဆောက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များ တစ်ဆင့်တိုး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဝမ်ရိ က SCO အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပြုချက် ၅ ရပ် အဆိုပြုခဲ့သည်။

၎င်းတို့မှာ ပထမ အချက်အနေဖြင့် မူလရည်ရွယ်ချက်ကို မမေ့မလျော့ဘဲ ရှန်ဟိုင်းစိတ်ဓာတ်တိုးတက်အောင် လုပ်ဆောင်ခြင်း၊ ဒုတိယ အနေဖြင့် ဘေးအန္တရာယ်များကို အတူရင်ဆိုင်ခြင်းဖြင့် လုံခြုံရေးအခြေခံအုတ်မြစ်အား ခိုင်မြဲစေခြင်း၊ တတိယအနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်မှုမောင်းနှင်အား ဖော်ဆောင်ခြင်း၊ စတုတ္ထအနေဖြင့် အိမ်နီးချင်းအား ချစ်ကြည်ရင်းနှီးမှု၊ ကရုဏာတရားဖြင့် စေတနာထားဆက်ဆံ၍ သာယာလှပသော မိသားစုဥယျာဉ် အတူတည်ဆောက်ခြင်း၊ ပဉ္စမအနေဖြင့် မှန်ကန်သည့်လမ်းကို အခိုင်အမာစောင့်ထိန်းခြင်းဖြင့် တရားမျှတ မှုနှင့် သမာသမတ်ကျမှုအား ထိန်းသိမ်းခြင်းတို့ဖြစ်သည်။

အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံများက တရုတ်နိုင်ငံအနေဖြင့် အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရာတွင် လုပ်ဆောင်ချက်နှင့် အပြုသဘောဆောင်သော ရလဒ်များအပေါ် များစွာတန်ဖိုးထား ချီးကျူးခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းတွဲဖက်လုပ်ဆောင်ကာ ထျန်းကျင်းထိပ်သီးအစည်းအဝေးအား အတူတကွ ကောင်းမွန်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးပြီးနောက် ဝမ်ရိနှင့် SCO အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev တို့သည် သတင်းထောက်များအား အတူတကွတွေ့ဆုံခဲ့သည်။

SCO ထိပ်သီးအစည်းအဝေးကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် နိုင်ငံပေါင်း ၂၀ ကျော်မှ အကြီးအကဲ များနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ တာဝန်ရှိပုဂ္ဂိုလ်များက ထိပ်သီးအစည်းအဝေး သက်ဆိုင်ရာအခမ်းအနားများအား တက်ရောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

#PAN