(နိုင်ငံတကာ) ဇူလိုင် ၁၆
ရုရှားအနေဖြင့် ယူကရိန်းနှင့်ဆွေးနွေးမှုများ တစ်ဆင့်တိုးလုပ်ဆောင်ရန် အသင့်ရှိနေဆဲဖြစ်သော်လည်း ယူကရိန်း ဘက်မှ တွေ့ဆုံမှုဆိုင်ရာ အဆိုပြုချက်များ လက်ခံရရှိခြင်းမရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က ဇူလိုင်လ ၁၅ ရက်၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ယူကရိန်းအား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)မှတစ်ဆင့် လက်နက်တွေ ပို့ဆောင် မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁၄ ရက်၌ပြောကြားခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မရရှိပါက ရုရှားကိုရည်ရွယ်သည့် ပြင်းထန်သောစည်းကြပ်ခွန်များ ချမှတ်မည်ဟု ခြိမ်းခြောက် ခဲ့ပြီးနောက် ထိုကဲ့သို့မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့် ၏ ထုတ်ပြန်ချက်များမှာ လွန်စွာပြင်းထန်လှကြောင်းနှင့် ထိုပြောကြားချက်များအနက် အချို့မှာ ရုရှားသမ္မတ ဗလာတီမာပူတင် အား ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ပြောကြားခြင်းဖြစ်ကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ဝါရှင်တန်က ပြောခဲ့တာတွေကို လေ့လာခွဲခြမ်းစိတ်ဖြာဖို့ ကျွန်တော်တို့ အချိန်အတော်လေး လိုပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် မေလ ၁၆ ရက်မှ ဇွန်လ ၂ ရက်အထိ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ယခင်တွေ့ဆုံဆွေးနွေးမှုများတွင် ညှိနှိုင်းခဲ့သည့်အတိုင်း စစ်အကျဉ်းသား များ လဲလှယ်ခြင်းများနှင့် ကျဆုံးစစ်သည်ရုပ်အလောင်းများကို လွှဲပြောင်းခြင်းများ ပြီးစီးပြီးနောက် တတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပရန် နှစ်ဖက်သဘောတူခဲ့ကြကြောင်း ပူတင် က အစောပိုင်း၌ ပြောကြားခဲ့သည်။
#PAN