(နိုင်ငံတကာ) ဇူလိုင် ၁၂
အဟန့်အတားများကို ကျော်လွှားလွန်မြောက်ကာ လွတ်လပ်၍တံခါးဖွင့်သော ကုန်သွယ်ရေးဆိုင်ရာ မူဝါဒ ရပ်တည်ချက်ကို ထိန်းသိမ်းရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အနေဖြင့် နိုင်ငံတကာ ကုန်သွယ်ရေးအား လက်နက်သဖွယ် အသုံးချခြင်းကို ညီညီညွတ်ညွတ်ရင်ဆိုင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ဇူလိုင်လ ၉ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

(၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် အန်ဝါ က အမေရိကန်အစိုးရ၏ စည်းကြပ်ခွန်သတ်မှတ်မှုများကြောင့် ထိခိုက်မှုဖြစ်စေသော သက်ရောက်မှုများကို တန်ပြန်ရင်ဆိုင်ရန် အတွက် ဒေသတွင်းကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်မဟာဗျူဟာတစ်ရပ်အဖြစ် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြရန်လည်း တိုက်တွန်းခဲ့သည်။
“အရင်တုန်းက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးပြုခဲ့တဲ့နည်းလမ်းတွေကို ဖိအားပေးဖို့၊ အဆက်အသွယ် ဖြတ်တောက်ဖို့၊ ထိန်းချုပ်ဟန့်တားဖို့အတွက် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြပါပြီ။ စည်းကြပ်ခွန်၊ ပို့ကုန်ကန့်သတ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အတားအဆီးတွေက ပထဝီနိုင်ငံရေးအားပြိုင်မှုရဲ့ ထက်မြက်တဲ့ လက်နက်တွေဖြစ်လာပါပြီ။ ဒီစိန်ခေါ်မှုက ယာယီအတွက်မဟုတ်ဘဲ မျက်မှောက်ကာလရဲ့ အခြေအနေသစ်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ပြင်ပဖိအားတွေကို ရင်ဆိုင်ဖြတ်ကျော်တဲ့အခါမှာ ကျွန်တော်တို့အသိုက်အဝန်းရဲ့ အတွင်းပိုင်း အုတ်မြစ်တွေကို ခိုင်မာအောင်လုပ်ရပါမယ်။ ကျွန်တော်တို့အသိုက်အဝန်းကြားမှာ ကုန်သွယ်မှုတွေပိုလုပ်ပြီး အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ကာ ကဏ္ဍအသီးသီးမှာ ပေါင်းစည်းချိတ်ဆက်မှုတွေကို ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုနဲ့အတူ မြှင့်တင် ရပါမယ်။ ပိုမိုအင်အားတောင့်တင်းပြီး ပိုမိုချိတ်ဆက်မှုရှိတဲ့ စီးပွားရေးစနစ်ကို ထူထောင်ခြင်းဟာ လာမယ့်ဆယ်စုနှစ်တွေ တိုင်အောင် ကျွန်တော်တို့ရဲ့ ဆက်နွှယ်မှုနဲ့ ကြံ့ကြံ့ခံနိုင်မှုကို ထိန်းမတ်ပေးနိုင်မယ့် မဟာဗျူဟာပိုင်းအရ အလွန်အရေး ပါတဲ့ အရာဖြစ်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အထူးသဖြင့် ကူးလူးဆက်သွယ်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု၊ ပညာရေး၊ အများပြည်သူ ကျန်းမာရေး၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်မှု စသည့်ကဏ္ဍများတွင် အာဆီယံပြည်သူများအား အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ အကောင်အထည်ဖော်ခြင်းကို အာဆီယံအနေဖြင့် မျက်ခြည်ပြတ်၍မရကြောင်း၊ ထိုမူဝါဒများက လူနေမှု ဘဝများကို မြှင့်တင်ပေးသကဲ့သို့ အာဆီယံအဖွဲ့အစည်းကိုလည်း ပိုမိုအင်အားတောင့်တင်းစေမည်ဖြစ်ကြောင်း အန်ဝါ က အလေးအနက်ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် ကလည်း အာဆီယံအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် အခြားသောအဟန့်အတားဖြစ်စေသည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို တိုက်ဖျက်ရန် ပိုမိုကျယ်ပြန့်သော ပေါင်းစည်းမှု၊ ညှိနှိုင်းဆောင်ရွက်မှုတို့ကို ရှေးရှုလုပ်ဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ မျက်နှာစုံညီ အစည်းအဝေး၌ အဖွင့်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံက (၅၈) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကာ အစည်းအဝေး၏ဆောင်ပုဒ်မှာ “အားလုံးပါဝင်နိုင်မှု၊ စဉ်ဆက်မပြတ်တည်တံ့မှု”ဟူ၍ ဖြစ်ကြောင်း သိရသည်။
ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ(အီးယူ)၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန် စသော အာဆီယံပြင်ပ ဆွေးနွေးဖက်နိုင်ငံများနှင့် နှစ်နိုင်ငံချင်း ဆွေးနွေးမှုများအပါအဝင် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးစုစုပေါင်း ၂၄ ခုကို ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် မလေးရှား၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ဘရာဇီး၊ နော်ဝေ၊ ဆွစ်ဇာလန်၊ တူကီယဲ စသော ကဏ္ဍအလိုက် ဆွေးနွေးဖက်နိုင်ငံများ ပါဝင်သည့် သုံးပွင့်ဆိုင်အစည်းအဝေး လေးခုကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#PAN