ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်


(ပြည်တွင်း) ဇူလိုင် ၅

မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်များနှင့်ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကနေ သိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံရဲ့ တုံ့ပြန်ချက်ကို ဇူလိုင်လ ၃ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အလျောက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစံချိန်စံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း တုံပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၂၅ နှင့် ၂၆ ရက်တွင် ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တံခါးဖွင့်အစည်းအဝေးမှာ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဦးဆောင်တဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ် များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီနှင့် ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံစာတင်ပြရေးလုပ်ငန်းအဖွဲ့(UN CTFMR)တို့ နှစ်ဖက် တွေ့ဆုံ ပူးပေါင်း၍ တိုက်ဆိုင်စိစစ်မှုများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း နှစ်ဖက်အကြား အစည်းအဝေး ၄ ကြိမ်တိုင်ကျင်းပခဲ့ပြီး စိစစ်တွေ့ရှိတဲ့ အသက်မပြည့်သေးတဲ့ စစ်သည် ၉၃ ဦး တပ်မတော်မှ နုတ်ထွက်ခွင့် ပေးကာ မိဘများထံ ကောင်းမွန်စွာပြန်လည် အပ်နှံခဲ့ပြီး နုတ်ထွက်ခွင့်ရတဲ့ စစ်သည်တစ်ဦးချင်းအလိုက် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီးဖြစ်သလို ၂၀၂၅ ခုနှစ်တွင် နှစ်ဖက် ပူးတွဲတိုက်ဆိုင်စိစစ်မှုပြုလုပ်ခဲ့ရာ အသက်မပြည့်ဟု သံသယရှိသူစစ်သည် ၁၈ ဦးသာကျန်ရှိကြောင်း ဖော်ပြထားရှိပါတယ်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများမှ တားဆီးနိုင်ရေးအတွက် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် 4 Digits (1566) Helpline ဝန်ဆောင်မှုကိုလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တိုင်ကြားမှုဖြစ်စဉ် ၉၈ ခုကို ဆောင်ရွက်ပေးခဲ့ပါတယ်။

သို့သော် ကုလသမဂ္ဂ၏ ယခုနှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စွပ်စွဲချက်များသည် စနစ်တကျစိစစ် ထားခြင်းမရှိတဲ့ ကိန်းဂဏန်းအချက်အလက်များ လွဲမှားစွာ ဖော်ပြထားခြင်းကိုတွေ့ရှိရကြောင်း ကော်မတီက တုံ့ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဘက်လိုက်သော အစီရင်ခံစာများပြုစုခြင်းနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ ပြုလုပ်နေခြင်းက အဖွဲ့ဝင်နိုင်ငံကို ကူညီရာမရောက်ဘဲ ကုလသမဂ္ဂ၏ သမာသမတ် ကျမှုနှင့် အချက်အလက်စုဆောင်းသည့်ပုံစံ (methodology) အပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီး အဖွဲ့ဝင်နိုင်ငံများ အပေါ် အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန် ရန် ပြင်းထန်စွာ တောင်းဆိုကြောင်း ကော်မတီက တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ်များ၏ လုံခြုံရေးနှင့် အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီက အသိပေးထုတ်ပြန်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN