ခမောက်ကြီးမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်

(မှုခင်း) ဇူလိုင် ၂

တနင်္သာရီတိုင်း ၊ ကော့သောင်းမြို့နယ်ခမောက်ကြီးမြို့ပါချန်မြစ်ကမ်းဘေးရှိ အေးချမ်းသာကျေးရွာနေ အရပ်သားပြည်သူနှစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်ထိဠာရောက်ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့နံနက် ၁၁နာရီခွဲအချိန်က လုံးဖောဆီအုန်းခြံဘက်မှ မျက်နှာဖုံးစွပ် လူ(၄)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့် လာရောက်၍ ချောကလက်(ခ)မြင့်ရှိန်၊ (၄၂)နှစ်၊ (ဘ)ဦးငွေဝင်း၊ အေးချမ်းသာကျေးရွာ၊ ကော့သောင်းမြို့နယ်နေသူ၏ နေအိမ်ထဲသို့ ဝင်ရောက်ပြီး ဦးခေါင်းအား ပစ်ခတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မျက်နှာဖုံးစွပ် လူ ၄ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် အေးချမ်းသာရွာချင်းဆက်လမ်းအတိုင်း မာရမ်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းတည့် ၁၂နာရီခွဲ အချိန်ခန့်က မျက်နှာဖုံးစွပ် လူ(၄)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့် အေးချမ်းသာကျေးရွာဘက်မှ ဆိပ်ဖူးကျေးရွာ လမ်းဆုံသို့ ရောက်ရှိလာပြီး အမက(မူလွန်)စာသင် ကျောင်းအနီး စာသင်ကျောင်းထိပ်လမ်းဆုံ၌ ဦးလှနိုင် (၅၉)နှစ်(ဘ)ဦးအုန်း၊ အုပ်ချုပ်ရေးမှူး၊ ဆိပ်ဖူးကျေးရွာနေသူအား သေနတ်ဖြင့်ပစ်ခတ်ရာ ဦးလှနိုင် မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်း ဖက်သမား(၄)ဦးသည် ဆိပ်ဖူးကျေးရွာ ၏ အနောက်ဘက် အောင်ချမ်းသာကျေးရွာ ဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်(၂)စီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။ အသတ်ခံရသူ အေးချမ်းသာကျေးရွာနေ ချောကလတ်(ခ)မြင့်ရှိန်၏ အလောင်းအား ကျေးရွာရှိ အရေးပေါ်လူနာတင်ယာဥ်ဖြင့် လည်းကောင်း၊ ဆိပ်ဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှနိုင် ၏ အလောင်းအား ကျေးရွာရှိ အရေးပေါ်လူနာတင်ယာဥ်ဖြင့် လည်းကောင်း ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရှိရသည်။

#PAN