တတိယကမ္ဘာစစ် အမှန်တကယ်နီးနေပြီလား

(ဆောင်းပါးကဏ္ဍ) ဇူလိုင် ၂
နေဇင်လတ်

      ထရမ့်ကတော့ မကြာခဏသတိပေးတတ်တယ်။ အချိန်မရွေးတတိယကမ္ဘာစစ်ဖြစ်နိုင်တယ်။ ဖြစ်လာရင်လည်း သေကျေပျက်စီးမှုတွေက မစဉ်းစားရဲလောက်အောင် ကြီးမားမယ်။ ယူကရိမ်းစစ်ကို အမြန်ရပ်စဲသွားအောင်လုပ်ရမယ် စသဖြင့် သတိပေးလေ့ရှိတာသတိထားမိတယ်။ တချို့ကလည်းWW-3 ဟာ လက်တကမ်းမှာပဲရှိနေတယ်။ စည်းတစ်ခုကျိုးပေါက်သွားတာနဲ့တတိယကမ္ဘာစစ်က “မနက်ဖြန်”တောင် ဖြစ်နိုင်တယ်လို့သုံးသပ်ကြတယ်။ နျူကလီးယားကျွမ်း ကျင်သူတွေဘက်ကလည်း ယူကရိမ်းစစ်ကို ထိန်း သိမ်းကြဖို့၊ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ အီရန်စစ်ကိုလည်း ထိန်းသိမ်းကြဖို့တစ်ဖက်ဖက်က ပေါက်ကွဲထွက်လာခဲ့ရင် တတိယကမ္ဘာစစ်ရဲ့ ဆိုးကျိုးက ကမ္ဘာ့လူဦးရေရဲ့ ငါးပုံ လေးပုံကို သေကျေ ပျက်စီးသွားနိုင်တယ်လို့ သတိပေးလာကြတာလည်းတွေ့ရတယ်။

     ချက်ချင်းသေကြေသွားနိုင်တဲ့ လူဦးရေက သန်း ၂ဝဝဝ၊ ရက်ပိုင်းအတွင်း သေကြေသွားနိုင်တဲ့ လူဦးရေက သန်း ၂ဝဝဝ နဲ့ ဓာတ်ကြွရောဂါနဲ့ တဖြည်းဖြည်းသေကြေသွားနိုင်တဲ့လူဦးရေက သန်း ၂၅ဝဝ စုစု ပေါင်းသန်း ၆၅ဝဝ အနည်းဆုံးရှိလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်ပြကြတယ်။ သန်း ၈ဝဝဝ နီးပါးရှိလာတဲ့ ကမ္ဘာ့လူဦးရေဟာ တစ်နှစ်ကျော်ကာလအတွင်းမှာ သန်း ၁၅ဝဝ လောက်ပဲကျန်တော့မယ့်သဘောဖြစ်ပါတယ်။

     နျူစွမ်းအားတွေရဲ့ဖျက်ဆီးနိုင်မှ စွမ်းအားကိုသိပြီး နျူဗုံးကို စတင်တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးအိုင်စတိုင်းကို “တတိယကမ္ဘာစစ်မှာ ဘယ်လိုလက်နက်မျိုးတွေနဲ့ တိုက်ခိုက်ကြပါမလဲ” လို့ ဒုတိယကမ္ဘာစစ်အပြီး မေးခွန်းထုတ်ရာမှာ အိုင်စတိုင်းက-
      – တတိယကမ္ဘာစစ်တော့မသိဘူး၊ WW-4 ကျရင်တော့ တစ်ဖက်နဲ့တစ်ဖက် ကျောက်တုံးတွေနဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်ကြလိမ့်မယ်”လို့ ဖြေသွားတာတွေ့ရတယ်။ တတိယကမ္ဘာစစ်ကြောင့် “ကျောက်ခေတ်”ကို ပြန်ရောက်သွားနိုင်တယ်လို့ သတိပေးလိုက်တာပဲဖြစ်ပါတယ်။

အမေရိကန်ရဲ့မူဝါဒအပြောင်းအလဲ

     ယူကရိမ်းစစ်ဖြစ်ရတာဟာ အမေရိကန်ဦးဆောင်ပြီး NATO နဲ့ ရုရှားကို စစ်နွံနစ်ဖိုရည်ရွယ်ချက်ကြောင့်ဖြစ်လာရတာပါ။ နောက် ပိုင်းမှာ UK က အတက်ကြွဆုံးဖြစ်နေပါတယ်။ UK ဝန်ချုပ်ဖြစ်ခဲ့တဲ့ Boris Johnson, Sunak နဲ့ လက်ရှိဝန်ချုပ် Starmer တို့ အားလုံး အတော်ရန်လို တက်ကြွခဲ့တာကို သတိထားမိတယ်။

     Biden လက်ထက် ၂၀၂၂ မှာ ယူကရိမ်းစစ်စဖြစ်တယ်။ NATO အသေအချာစီမံထားတဲ့ “အထွေထွေနွေဦးထိုးစစ်”မှာ ယူကရိမ်းတွေစစ်ရှုံးကတည်းက အမေရိကန်ရဲ့တက်ကြွမှုအတော် အားလျော့သွားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Biden သက်တမ်းကုန်ခါနီးလေ ယူကရိမ်းစစ်က အမေရိကန်ခပ်ခွာခွာနေလေ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စစ်ရေးအထောက်အပံ့ကို အမေရိကန်က အများဆုံးပေးအပ်သူအဖြစ်ဆက်ရှိနေဆဲပါ။ NATO ၃၂ နိုင်ငံရဲ့ထောက်ပံ့မှုက ရာခိုင်နှုန်း ၆၀ ရှိပြီး အမေရိကန်တစ်နိုင်ငံတည်းရဲ့ ထောက်ပံ့မှုက ရာခိုင်နှုန်း ၄ဝ ရှိနေတာ တွေ့ရတယ်။ NATO ၃၂ နိုင်ငံထောက်ပံ့မှု ရာခိုင်နှုန်း ၆ဝ ရှိတယ်လို့သာပြောပေမယ့် စာရွက်ပေါ်မှာသာ ရှိနေပြီး လက်တွေ့ထောက်ပံ့ဖြစ်ခဲ့တဲ့ ပမာဏက အမေရိကန်ထက်နည်းပါးနေပါတယ်။

     ထရမ့်လက်ထက်ရောက်လာတယ်။ အမေရိကန်ရဲ့မူဝါဒက လုံးဝအပြောင်းအလဲဖြစ်သွားခဲ့တယ်။ Bidenက စစ်ကို စတင်ခဲ့ပေမယ့် ထရမ့်လက်ထက်မှာ စစ်ကိုအဆုံးသတ်စေချင်တယ်။ ယူကရိမ်းစစ်ကို လုံးဝရပ်ဆိုင်းချင်ရတာလဲ ထရမ်မှာ အကြောင်းတချို့ ရှိနေပါတယ်။
• အမေရိကန်အကြွေးနစ်နေတာ
• တတိယကမ္ဘာစစ် အချိန်မရွေး ဖြစ်နိုင်တာ
• ထရမ့် – ပူတင်တို့ရဲ့ ဆက်ဆံရေးကောင်းမွန်မှု

     အမေရိကန်ရဲ့အကြွေးက$ 37 Trillion ဖြစ်လာပြီး တစ်နှစ်ကို $ 2 Trillionကျော်တက်နေတယ်။ ယူကရိမ်းစစ်ကြောင့် ထပ်ပြီး အကြွေးမပိချင်တော့ဘူး။ ဘတ် ဂျက်လိုငွေတွေကို လျှော့၊ အကြွေးကို တတ်နိုင်သမျှ လျှော့တာတောင် တော်တော်မလွယ်ကူလှသေးပါဘူး။

     ပြဿနာက NATO အုပ်စုဝင်အများစုက စစ်ကို ဆက်တိုက်ချင်နေကြတယ်။အထူးသဖြင့် UK, France နဲ့ Germanyတို့က စစ်ကိုမရပ်ချင်ကြဘူး။ ဂျာမနီအဓိပတိအပြောင်းအလဲမှာ ရှေ့လူကသဘောပေါက်ပြီး ကြားနေနီးပါး ပြောင်းလဲရပ် တည်ခဲ့ပေမယ့်အခုတက်လာတဲ့ အဓိပတိသစ်က UK, France တို့နဲ့ တသဘောတည်းဖြစ်လာပြန်တယ်။

     ထရမ့်ပြောတော့ သူတို့ပိုပြီး စိုးရိမ်စိတ်တွေဝင်သွားနိုင်တယ်။ ထရမ့်က “ယူကရိမ်းက မင်းတို့နဲ့အိမ်နီးချင်းလေ၊ မင်းတို့ကိစ္စပဲ၊ အမေရိကန်က ရေခြား၊မြေခြားတယ်။ အမေရိကန်ကိစ္စ မဟုတ်ဘူး”

     ဒီကြားထဲမှာ NATO က အမေရိကန်နုတ်ထွက်မယ် တကဲကဲလုပ်နေပြန်တော့ ယူကရိမ်းစစ်သာရပ်နားသွားရင် ရုရှားက သူတို့ကိုတိုက်ရိုက်ခြိမ်းခြောက်လာမှာစိုးပြီး စစ်ကိုမပြီးစေချင်တာပဲဖြစ်ပါတယ်။

ထူးထူးခြားခြား UK က ပြန်ခြိမ်းခြောက်လာ

     ၂၄- ၃- ၂၅ နေ့ သတင်းတစ်ခုထဲမှာတော့ ရုရှားကို UK က ပြန်ပြီးခြိမ်းခြောက်လာတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်။ ယူကရိမ်းစစ်မှာ UK က အတက်ကြွဆုံးဖြစ်ပြီး ပြောင်ပြောင် တင်းတင်းတစ်လှည့်၊ နောက်ကွယ်က တစ်လှည့် အကူအညီပေးနေတာကို ထောက်လှမ်းရေးသတင်းအရသိတဲ့ ရုရှားက –
     ရုရှားရဲ့အဏုမြူမစ်ဇိုင်းတွေက ဘယ်နိုင်ငံကို ဘယ်လောက်အချိန်တိုအတွင်းမှာ ရောက်နိုင်တယ်ဆိုတာကို ထုတ်ပြန်လိုက်တယ်။ အားလုံး ၁ဝ မိနစ်သာ သာလေးမှာ ရောက်နိုင်တာချည့်ပဲ။ ရေငုပ်သင်္ဘောကပစ်ရင်ခဏလေးနဲ့ UK ကို ရောက်မယ်။ နောက်တစ်ခါရေအောက်က ဖောက်ခွဲလိုက်ရင် ဧရာမဆူနာမီတွေ ဖြစ်လာပြီး UK တစ်ခုလုံးကို ရေအောက်ကိုဆွဲနှစ်ချသွားနိုင်တယ်လို့ ရုရှားက UK ကိုမကြာခဏသတိပေးခဲ့တာတွေကိုလည်း သတင်းထဲမှာဖတ်နေရပါတယ်။

     ဒီတစ်ခါတော့ဝန်ကြီးချုပ် Starmer က စစ်ဘက်နေရာတချို့ကို စစ်ဆေးနေတဲ့ ပုံတွေနဲ့အတူ UK က ရုရှားကို ပြန်ခြိမ်းခြောက်လိုက်တဲ့ သတင်းတစ်ခု တက်လာခဲ့တာ တွေ့လိုက်ရပါတယ်။ UK ရဲ့ နျူဟန့်တားရေး Deterrence Systemက အလွန်အဆင့်မြင့်ပြီး ဘယ်လိုသော နျူကလီး ယား တိုက်ခိုက်လာမှုမျိုးကိုမဆို ကြားဖြတ်ပစ်ချနိုင်တယ်လို့ ဆိုတယ်။ ဒါ့အပြင် UK ရဲ့နျူတိုက်ခိုက်ရေးနည်းပညာတွေကလည်း အလွန်အဆင့်မြင့်နေပြီး ဘယ်နိုင်ငံကိုမဆိုတိုက်ခိုက်နိုင်တယ်။ အဖျက်စွမ်းအားကလဲ ပြောပြလို့ မရနိုင်လောက်အောင် အလွန်ကြီးမားလွန်းတယ်လို့ ရုရှားကိုမိတ္တူပေးထားတဲ့သတင်းတက်လာခဲ့ပါတယ်။အမှန်တကယ်ပဲ နည်းပညာသစ်တွေ ပိုင်ဆိုင်သွားလို့လား ဒါမှမဟုတ် “ဟန်ကိုယ့်ဖို့”နဲ့ ပြ​န်ခြိမ်း ခြောက်နေတာလား ဆိုတာကိုတော့ UK ကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ကာကွယ်ရေး၊ စစ်ရေးဘက်မှာ အမေရိကန်က ကမ္ဘာမှာ ပထမအင်အားအကြီးဆုံးဖြစ်ပြီး ရုရှားက ဒုတိယနဲ့တရုတ်က တတိယပါ။ UK ရဲ့ ခေတ်ကုန်သွားတာ ကြာလှပါပြီ။ ဒါကြောင့်မို့ UK ရဲ့ ခြိမ်းခြောက်မှုကို ပူတင်က “ပြုံးနေမိ”နေပါလိမ့်မယ်။

     ကမ္ဘာ့စစ်အင်အားသတ်မှတ်ချက်က “အရေ အတွက်” ပေါ်အခြေခံပြီး တွက်ချက်လေ့ရှိပါတယ်။ နည်းပညာပိုင်းမပါဝင်သေးပါ။ အဏုမြူ ဗုံးတစ်လုံးပေါက်ကွဲရင် အဖျက်စွမ်းအားကြီးမားကြတာကိုတော့ လူတိုင်းသိထားပြီးကြပြီးသားပါ။ ပိုအရေးကြီးတာက အဲ့ဒီအဏုမြူထိပ်ဖူးတွေကိုပို့ဆောင်ပေးတဲ့ Missile တွေ ဘယ်လောက်အစွမ်းထက်သလဲ၊ ကြားဖြတ်နဲ့ လေကာစနစ်တွေ ဘယ်လောက်နည်းပညာမြင့်သလဲက အဆုံးအဖြတ်ပေးတဲ့အရာတွေဖြစ်ပါတယ်။ Hypersonic Missile တွေရဲ့ကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။ အဲ့ဒီကဏ္ဍမှာ ရုရှားက UK ကို မဆိုထားနဲ့ US ကိုတောင် “ခေါင်းပုတ်”တဲ့အဆင့်ရောက်သွားခဲ့ပါပြီ။

စစ်စရိတ်တိုး စစ်ပြင်လာကြရပြီ

     ကမ္ဘာ့လက်ရှိအခြေအနေက ဒုတိယကမ္ဘာစစ်နောက်ပိုင်း နှစ်ပေါင်း၈၀ကျော်အတွင်း အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေကို ရောက်လာခဲ့ပါပြီ။ ယူကရိမ်းစစ်မှာ ရုရှားက ဘယ်လိုမှ အရှုံးခံမှာ
မဟုတ်ပါဘူး။ စစ်ရှုံးတာနဲ့ ရုရှားပြိုကျပါမယ်။ ပူတင်လည်း ထိုင်ခုံပေါ်ကဆင်းပေးရမယ့် အခြေ အနေမျိုးပါ။ NATO ဘက်ကလည်း ယူကရိမ်းစစ်မှာ ရှုံးသွားခဲ့ရင် NATO အဖွဲ့ဝင်တွေကို ရုရှားက တိုက်ရိုက်ခြိမ်း ခြောက်လိမ့်မယ်။ တချို့ကဆိုရင် ဝင်တိုက်နိုင်တယ်လို့ ယူဆထားကြတဲ့အတွက် ယူကရိမ်းစစ်ဟာ အသည်းအသန် ဖြစ်မြဲဆက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

     အမေရိကန်အခြေပြုပြီး NATO ဖွဲ့စည်းခဲ့ပေမယ့် ထရမ့်လက်ထက်မှာ NATO က နုတ်ထွက်မယ်ဆိုလေတော့ ကျန်နိုင်ငံတွေက စစ်စရိတ်တွေ တိုးလာကြရပါပြီ။ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ရတော့မယ်ဆိုတာကို သဘောပေါက်လာကြပြီး စစ်ရေးပြင်ဆင်မှုတွေ အကြီးအကျယ်လုပ်လာခဲ့ရပါပြီ။ အဲ့ဒီအကျိုးဆက်ဟာ ယူကရိမ်းစစ်ပြေငြိမ်းသွားရင်တောင်မှ အနာဂတ်မှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိလာပါလိမ့်ဦးမယ်။

     သမ္မတထရမ့်ကလည်း ပူတင်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတယ်ဆိုပေမယ့် စိုးရိမ်စိတ်ရှိလာခဲ့ရပါပြီ။ ဒါကြောင့် သူက –
     “အစ္စရေးမှာ Iron Dome ဆိုတဲ့ လေကာစနစ်ရှိတယ်။ အမေရိကန်မှာလည်း Golden Dome ဆိုတဲ့ စနစ်ကို တည်ဆောက်ကြရလိမ့်မယ်” လို့ ထုတ်ပြောခဲ့တာတွေ့ရတယ်။

     အဲ့ဒီအပြင် လျှို့ဝှက်စမ်းသပ်ပျံသန်းမှု ငါးနှစ်လောက်လုပ်ထားတဲ့ F – 47 တိုက်လေယာဉ်ကို ထရမ့်က ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ “၄၇” က ထရမ့်ရဲ့ ၄၇ ဦးမြောက်သမ္မတကို ရည်ညွှန်းတာဖြစ်ပါတယ်။ ထရမ့်က –
     ” 47 ဟာ ဆဋ္ဌမမြောက်မျိုးဆက်ဖြစ်တယ်။ လေကြောင်းစွမ်းရည်အံ့မခန်းပါ။ တိုက်ခိုက်နိုင်မှုမှာ ဘယ်လေယာဉ်ကမှ ယှဉ်နိုင်မှာမဟုတ်ပါဘူး။ ဒီ လေယာဉ်က Next Level တစ်ဆင့်မြင့်ဖြစ်ပါတယ်။ ဒီနေ့ အခြားနိုင်ငံတွေထုတ် လေယာဉ်ထက် လေယာဉ်မျိုးဖြစ်ပါတယ်”

     ထရမ့်က F – 47 ဆိုတဲ့ ဆဋ္ဌမမြောက်မျိုးဆက်သစ်လေယာဉ်ကို ဘယ်တစ်ဆင့်ပိုမြင့်တဲ့တိုက်လိုပဲ ထုတ်ကြွားပါစေ၊ အခြား ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တူရကီနိုင်ငံတွေကလဲ ဆဋ္ဌမမြောက် မျိုးဆက်သစ်တွေကို စမ်းသပ်ပျံသန်းမှုတောင်ပြီးထားတာ ကြာလှပါပြီ။ ဘယ်လေယာဉ်ကအကောင်းဆုံးလဲဆိုတာသာ မသိကြသေးတာပါ။

    ထရမ့်ရဲ့ Golden Dome Defense Systein နဲ့ F – 47 တွေက ဘာကိုပြသလဲဆိုရင် အမေရိကန်ဟာ စစ်ရေးဘက်မှာ အသည်းအသန် နောက်က ပြန်လိုက်နေရပြီဖြစ်တယ်ဆိုတာကို ပြသနေတယ်လို့ အဓိပ္ပာယ်ထွက်လာပါတယ်။ ပြင်သစ်ကလဲ NATO အဖွဲ့ဝင်တွေအားလုံးကို အကာအကွယ်ပေးနိုင်မယ့် လေကာစနစ်ကို ပြင်သစ်က တာဝန်ယူ တည်ဆောက်ပေးနိုင်တယ်လို့ ထုတ်ပြောလိုက်ပြီး ကုန်ကျငွေကိုတော့ စုပေါင်းထည့်ဝင်ရမယ်လို့ဆိုပါတယ်။ အတော်တော့ မလွယ်ကူတဲ့ကိစ္စပါပဲ။

     ဆိုလိုချင်တာက အမေရိကန်၊ NATO အကွဲ အပြဲဖြစ်ပြီး စစ်စရိတ်တွေကို အားလုံးတိုး၊ စစ်ရေးပြင်ဆင်မှုတွေကို အသည်းအသန်လုပ်နေကြပြီဆိုတာပါပဲ။ ဒီကြားထဲမှာ UK ကဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးရဲ့သတိပေးမှုက ထိတ်လန့်စရာပါပဲ။
     “UK အနေနဲ့ နှစ်နှစ်ပဲအချိန်ရလိမ့်မယ်။ အဲ့ဒီ နှစ်နှစ်အတွင်း အပြီးစစ်ရေးပြင်ဆင်မှုကို လုပ်ရမယ်။ မဟုတ်ရင် UK တစ်ခုလုံးပျက်စီးသွားနိုင်တယ်”

     ရုရှားက နှစ် နှစ်နောက်ပိုင်း UK ကို ဝင်တိုက်နိုင်တယ်လို့ သတိပေးလိုက်တာပါ။ ဖြစ်လဲဖြစ်နိုင်လောက်ပါတယ်။ ရုရှားရဲ့ပစ်မှတ်တစ်က UK ဖြစ်နေတာကို ရုရှားဘက်ကကြေညာထားလို့ပါပဲ။

KURSK ဒေသက UK စစ်သည် ၅၀၀၀

     UK ရဲ့အစီအစဉ်နဲ့ ရုရှားရဲ့ Kursk ဒေသကို ယူကရိမ်းစစ်သည်တွေက ရုတ်တရက်ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ ရုရှားဘက်က အတော်လေး အထိနာသွားတယ်။ အဓိကအားထားရတဲ့ ပို့ဆောင်ရေးတံတားနှစ်စင်းကို ဖျက်ဆီးသွားတယ်။ Kursk ဒေသတွင်းမှာ တိုက် ပွဲတွေ အတော်ပြင်းထန်ပါတယ်။ “လ” အနည်း ငယ်ကြာပြီးတဲ့နောက်မှာ ရက်ပိုင်းအတွင်းက သတင်းတစ်ခုတက်လာတယ်။ အဲ့ဒါကတော့ ယူကရိမ်းစစ်သည် ၅၀၀၀-၇၀၀၀ အကြားပိတ်ဆို့ပြီးအချေမှုန်းခံရတော့မယ်ဆိုတဲ့သတင်းပါ။

     ထရမ့်က ပိတ်မိနေတဲ့ ယူကရိမ်းစစ်သည်တွေရဲ့အသက်ကိုချမ်းသာမှုပေးဖို့ ပူတင်ကို တောင်းဆိုတယ်။ ပူတင်ဘက်က လက်နက်ချဖို့သာ ယူကရိမ်းက အမိန့်ပေးလိုက်ပါ။ အသက်ချမ်းသာရာ ရစေရပါမယ်လို့တုံ့ပြန်ခဲ့တယ်။ လက်နက်မချဘူးဆိုရင် အသက် အာမခံချက် မရှိဘူးဆိုတဲ့သဘောပါ။ အတည်မပြုနိုင်တဲ့ ထောက်လှမ်းရေး သတင်းတစ်ပုဒ်အရ ယူကရိမ်းစစ်သည် ၁၅ဝဝဝ လောက် ပိတ်မိနေပြီး UK နဲ့ NATO က စစ်သည် ၅ဝဝဝ လောက်ပါဝင်နေတယ်လို့ ပြောပါတယ်။ UK စစ်သည်က အများဆုံးဖြစ်နေတယ်လို့လည်းဆိုပါတယ်။

     လက်နက်ချရင် အသက်ရှင်ခွင့်ပေးမယ်။ဒါပေမဲ့ ဘယ်သူတွေပါဝင်နေတယ်ဆိုတာကို ပူတင်က ကမ္ဘာကြီးကို ထုတ်ပြမယ့်သဘောပါ။ လက်နက်မချရင်လည်း အလောင်းတွေကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာကိုထုတ်ဖော်ပြသမှာပဲဖြစ်လို့ UK ရော၊ NATO ရော ခေါင်းကိုက်နေရပါပြီ။

     ဒီကြားထဲမှာ ယူကရိမ်းစစ်က “ရက် ၃ဝ တစ်ပိုင်းစစ်ရပ်ရေး” Partial Ceasefire – 30 day ကို ထရမ့်ရဲ့ကြိုးပမ်းမှုနဲ့ နှစ်ဖက်သဘောတူညီမှု ရလိုက်ပါတယ်။ အဓိကတစ်ချက်ကတော့ စွမ်းအင်နဲ့အခြေခံအဆောက်အဦတွေကို ရက် ၃၀ မတိုက်ခိုက်ရေးပါပဲ။ ၂၄ နာရီတောင်မခံလိုက်ဘူးထင်ပါတယ်။ ယူကရိမ်းဘက်က ဒရုန်း ၃၅ဝ နဲ့ မော်စကိုအထိ ဝင်တိုက်တာတွေ့ရတယ်။ရုရှားရေနံချက်စက်ရုံနဲ့ဆီ လှောင်ကန်တွေ အတိုက်ခံရပြီး မီးဟုန်းဟုန်းတောက်နေတဲ့သတင်းတွေ တက်လာတယ်။ ရုရှားဘက်ကသဘောတူညီချက်ကို ယူကရိမ်းကစပြီးချိုးဖောက်ပြီလို့ဆိုသလို၊ ယူကရိမ်းကလည်း ရုရှားတွေသာ “ကိုယ့်ဘာသာကိုယ်ဖောက်ခွဲပြီး အပြစ်တင်တာ” လို့ ဆိုပြန်တယ်။

     ရက် ၃ဝ တစ်ပိုင်းအပစ်ရပ်ရေးဆိုတာလိုက်နာဖို့မခက်ခဲလှပါဘူး။ Total Ceasefire ဆိုတဲ့ အလုံးစုံအပစ်ရပ်ရေးကသာ ခက်ခဲလှတာပါ။ တစ်ပိုင်း အပစ်ရပ်ရေးတောင် ၂၄ နာရီမခံဘူးဆိုတော့ ယူကရိမ်းစစ်က ရှင်းဖို့ခက်တဲ့ သပွတ်အူဖြစ်မှန်းမသိဖြစ်သွားပြီလို့ပြောရပါတော့မယ်။ ဒီကြားထဲမှာ တက်လာတဲ့ သတင်းတစ်ခုက ယူကရိမ်းစစ်ကိုသာမက အခြားနိုင်ငံတစ်ခုခုကိုတောင်တိုက်ခိုက်နိုင်တဲ့ အင်အားတွေနဲ့ ရုရှားဘက်က စုဖွဲ့နေပြီဆိုတဲ့သတင်းပါ။

     ယူကရိမ်းစစ်ကတော့ “နယ်မြေပိုင်ဆိုင်မှု” အတွက် ရုရှားဘက်က သမားရိုးကျလက်နက်နဲ့ပဲ “ဆွဲ” တိုက်နေတဲ့သဘောပါ။ အနှောင့်အယှက် ခပ်ကြီးကြီးပေးလာတဲ့နိုင်ငံကိုတော့ မြေမပိုင်နိုင်တဲ့ အတွက် ဆွဲပြီးတိုက်မှာ မဟုတ်ပါဘူး။ အနိုင်အရှုံးကို ခပ်မြန်မြန် အဆုံး အဖြတ်ပေးနိုင်တဲ့ သာလွန်အဆင့်မြင့်လက်နက်တွေ ထုတ်သုံးမှာဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ကောင်းလှပါတယ်။ ဒါကြောင့် တတိယကမ္ဘာစစ် အမှန်တကယ်နီးပြီလားဆိုတဲ့ မေးခွန်းမှာ NATO ထဲက ဘယ်နိုင်ငံတစ်ခုခုက စစ်ကျွံမှုကိုဘယ်လောက်အထိ ဖြစ် လာမလဲဆိုတဲ့ပေါ်မှာပဲ မူတည်လိမ့်မယ်လို့ မြင် တွေးမိပါတယ်။

#PAN