အမေရိကန်နိုင်ငံရေး အဏုမြူဗုံးပေါက်ကွဲခြင်း

(ဆောင်းပါးကဏ္ဍ) ဇွန် ၂၅
နေဇင်လတ်

      ဖြစ်တောင့်ဖြစ်ခဲ အမေရိကန်နိုင်ငံရေးအတွင်းစည်းမှာ အဏုမြူဗုံးတစ်လုံးပေါက်ကွဲသွားခဲ့တယ်။ ၅- ၆ -၂၅ နေ့ ဖြစ်ပါလိမ့်ကတော့ အမေရိကန်နိုင်ငံရေးသမိုင်းမှာ “မင်အိုးမှောက်ခဲ့တဲ့”နေ့ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ရီပတ်ဘလစ်ကင်ပါတီနဲ့ ထရမ့်အတွက် Doomsday ဆိုတဲ့ ကမ္ဘာပျက်နေ့ အစဦးပဲဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

     ထရမ့်ရဲ့ဆန္ဒနဲ့ ဩဇာကြီးမားတဲ့ DOGE မှာ Musk က ပူးတွဲအကြီးအကဲ ဖြစ်ခဲ့တယ်။ အတော်လေးတွန်းတွန်းတိုက်တိုက်လဲလုပ်ခဲ့လို့ လူမုန်းလဲအတော်များခဲ့တယ်။ သတ်မှတ်ချိန်ကာလပြည့်လို့ Musk က DOGE ကနေ ထွက်ခွာခဲ့တယ်။ တစ်ရက် နှစ်ရက်အကြာမှာပဲ ထရမ့်နဲ့ Musk အကြားတိုက်ပွဲတွေ စတင်ခဲ့တော့တာပါပဲ။

     အိမ်ဖြူတော်ဝင်ကာစမှာ Muskက First Buddy ဖြစ်ခဲ့တယ်။ သမ္မတဇနီးက First Lady ဖြစ်ပြီး First Buddy ဆိုတာ သမ္မတရဲ့အရေးအပေးခံရဆုံး၊ အရင်း အနှီးဆုံးသူဖြစ်ပါတယ်။ Cabinet ဆိုတဲ့ ဝန်ကြီးအစည်းအဝေးကို Musk က တက်ခွင့်ရှိတယ်။ ဝန်ကြီး ဌာနတွေကို ဝင်စစ်ခွင့်ရှိတယ်။ နောက်ဆုံး ပင်တဂွန်ကိုတောင် Musk က ဝင် စစ်ဆေးခွင့်ရှိတဲ့အခွင့်အာဏာမျိုးရထားသူပါ။

     ယေဘုယျအားဖြင့် တာဝန်ပြီးရင် တစ်ဦးနဲ့တစ်ဦးပြုံးပြနိုင်ကြတယ်။ တစ်ခါတလေ ပွတ်တိုက်မှုတွေ အနည်းငယ်ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အခုလောက်အထိ ရန်သူတွေအဖြစ်ရောက်သွားတာရှားပါးလှပါတယ်။ Trump က လက်ရှိ သမ္မတပါ။ လက်ရှိအာဏာရှိနေသူကို Musk က ရန်သူသဖွယ်တိုက်ခိုက်နေတာမျိုးက မြင်ရခဲတဲ့ မြင် ကွင်းမျိုးလည်းဖြစ်ပါတယ်။ လက်ရှိသမ္မတကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ရဲလောက်အောင် Musk မှာ ဘယ်လို “အနိုင်ကတ်”တွေ ကိုင်ထားသလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ မြင် ကွင်းအရသမ္မတကတောင်မှ ခပ်လျော့လျော့တုံ့ပြန်နေရတာကို တွေ့နေရတယ်။

သူတို့ဘာကြောင့် ထိပ်တိုက်တွေ့ကြသလဲ

     ထိပ်တိုက်တွေ့ကြရတာက အမြင်မတူ၊ ရပ် တည်ချက်မတူလို့ဖြစ်ကြပါတယ်။
• နိုင်ငံရေး သမားအမြင်နဲ့ စီးပွားရေးသမားအမြင် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာကြောင့်
• နှစ်ဦးလုံးအခြေကြီးတွေဖြစ်ကြပြီး အတ္တ Ego နဲ့ ခံစားချက် Emotion တွေအမြင့်ဆုံးဖြစ်နေတာကြောင့်လို့ အခြေခံကျကျပြောရပါလိမ့်မယ်။

ဘယ်အကြောင်းအရာတွေပေါ်မှာ အခြေခံခဲ့ကြသလဲ

     ဒီမေးခွန်းအတွက် အကြောင်းအရာပေါင်းများစွာ ရှိတဲ့အထဲက အဓိကအကြောင်းကြီးသုံးခုကြောင့်လို့ယူဆရပါတယ်။
• Tariff(ကုန်သွယ်ခွန်)
• Economic Policy(စီးပွားရေးမူဝါဒ)
• Big, Beautiful Bill(3B – ဥပဒေကြမ်း)

     ပြဿနာက ထရမ့်အနေနဲ့ နိုင်ငံရေးသမားလို တွေး ခေါ်တယ်။ Musk က စီးပွားရေးရှုထောင့်က ရပ်တည်တယ်။ မြင်ပုံခြင်းမတူနိုင်ကြဘူး။ သဘာဝခြင်း ကွဲပြားလို့ပါ။ ထရမ့်လဲ စီးပွားရေးသမားပါပဲ။ ဒါပေမဲ့ သမ္မတဖြစ်လာတော့ နိုင်ငံရေးအမြင်ကိုဦးစားပေးလုပ်ဆောင်ရတာ ဖြစ်လာတယ်။

      ပေါက်ကွဲဖို့အဓိကအကြောင်းရင်း (Root Cause) က Tariff နဲ့ Economic Policy လို့ပြောရလိမ့်မယ်။ ကုန်သွယ်ခွန်ကိစ္စမှာ Musk က ထရမ့်နဲ့ တစ်သဘောတည်းမရှိခဲ့ပါဘူး။ တချို့အချက်တွေကိုထောက်ပြခဲ့တာတွေ့ရတယ်။ မဖြစ်နိုင်တာ၊ မဖြစ်သင့်တာတွေကို ထရမ့်က လောဘ ကြီးကြီးနဲ့ အတင်းလုပ်တယ်။ စီးပွားရေးမူဝါဒမှာလည်း အဲ့သလိုပါပဲ။ Musk ကထောက်ပြခဲ့တာတွေရှိခဲ့တယ်။ စနက်တံဖြုတ်လိုက်တဲ့ လက်ငင်းပေါက်ကွဲစေတဲ့(Triggering Cause)ကတော့

      3B -Big, Beautiful Bill ဆိုတဲ့အရာပဲဖြစ်ပါတယ်။ 3B ကိုအကြမ်းဖျင်းသိထားဖို့ လိုပါလိမ့် မယ်။ ကုန်ကျငွေအလွန်ကြီးမားလှတဲ့အခြေခံအဆောက်အဦဆိုတဲ့ Infrastructureအပါအဝင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမယ့်ဥပဒေကြမ်းဖြစ်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ အကြွေး $ 36+ Billion ဖြစ်နေတယ်။ ဒီအကြွေးတွေချေနိုင်ဖို့. Trump နဲ့ Musk က ကျောချင်းကပ်ပြီး အတိုက်အခံတွေကြားက လုပ်ခဲ့ကြရတာပါ။ 3B ကြောင့် လာမယ့် ဆယ်နှစ်အတွင်း အမေရိကန် အကြွေးက $ 2.4 Trillion အပိုဆောင်း ထပ်တက်ဖွယ်ရာရှိတယ်ဆိုပြီး ပညာရှင်တွေက တွက်ချက်ပြထားခဲ့ပါတယ်။ Musk ရဲ့ကြိုးပမ်းမှုကြောင့် အစိုးရအသုံးစရိတ်ကတစ်နေ့ကို $ 4 Billion လောက် သက် သာနေတယ်လို့ဆိုတယ်။ တစ်နှစ်ဆိုရင် $ 1.3 Trillion လောက်ဖြစ်နိုင်ပါတယ်။ ကုန်သွယ်ရေးဘက်က $ 1.3 Trillion လောက် လျှော့ချနိုင်ရင် နှစ်ယောက်ပေါင်း $ 2.6 Trillion လောက်လျော့ကျမှာဖြစ်တယ်။ (လက် တွေ့မှာဖြစ်မလာပါ။ အစိုးရအသုံးစရိတ်တိုးတက်လာတဲ့အတွက်တစ်ဆယ်စု၊ ရှစ်ကျပ်ဖိုးပြန်ကုန်သဘော တွေ့နေရပါတယ်။)

     ဒီပုံစံနဲ့ဆက်သွားရင် အမေရိကန်အတွက်ကြောင့်နှစ်ဦးပေါင်း အသည်း Bruck drops, ဒေဝါလီခံရဖွယ်ရှိတဲ့ အသန်ကြိုးစားခဲ့ကြရတာဖြစ်တယ်။ 3B က အလွန်ကြီးမားတဲ့ ဘတ်ဂျက်ဖြစ်တာကြောင့် 3Bကိုသာ အကောင်အထည်ဖော် မယ်ဆိုရင်ကြိုးစားထားသမျှအချည်းအနှီးဖြစ်မှာကို မလိုလားတဲ့အတွက် ဆန့်ကျင်ဘက်တွေ ဖြစ် လာကြရတော့တာပါပဲ။

ကြားဖြတ်လွှတ်တော်နဲ့နောက်သက်တမ်း

     ထရမ့် ရက် ၁၀၀ အပြီး လူထုစစ်တမ်းမှာ ထောက်ခံသူကျဆင်းသွားတယ်။လွှတ်တော်ထဲမှာလည်း ထရမ့်ကို မကျေနပ်ကြသူတွေပိုတိုးလာတယ်။ အထူးသဖြင့် Republicanထဲမှာ ထရမ့်ကို မကျေနပ်ကြသူတွေ တိုးပွားလာတာတွေ့ရတယ်။ အဲ့ဒီအချက်က ထရမ့်အတွက် အရေးကြီးနေပါတယ်။ လောလောဆယ် လွှတ်တော်ကို Republican တွေက ပွတ်ကာသီကာနဲ့ ထိန်းချုပ်ထားပေမယ့် မဲခွဲတဲ့အခါ ကိုယ့်လူက ပြန်မထောက်ခံတာ တွေ့လာရတယ်။ လွှတ်တော်ကို Democrat တွေလက်ထဲ အပ်လိုက်ရရင် ထရမ့်သြဇာနဲ့လုပ်ပိုင်ခွင့် တစ်ဝက်မက ဆုံးရှုံးသွားတာနဲ့အတူတူပါ။

     အလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေဆိုရင် လွှတ်တော်အတည်ပြုချက်ရယူဖို့ လိုပါတယ်။ ထရမ့်ရဲ့ 3B ကစားကွက်က လွှတ်တော်ကိုကြားဖြတ်မှာ ပြန်ပြီးပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ဖို့ရယ်၊ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပြန်ပြီးအနိုင်ရဖို့ ကြိုတင်လမ်းခင်းထားတဲ့နိုင်ငံရေးရွှေ့ကွက်တွေဖြစ်ပါတယ်။

     ထရမ့်က နောက်ထပ်သက်တမ်းတစ်ခုကို ဥပဒေ “လျှိုပေါက်” တစ်ခုကို အသုံးချပြီး သမ္မတအိပ်မက်ရှိနေတာတွေ့ရတယ်။ သူကိုယ်တိုင်လည်းဖွင့်ပြောထားပြီးဖြစ်တယ်။

     Musk က National Debt ကို လျှော့ချချင်တယ်။အမေရိကန်သင်္ဘောကို မနစ်သွားစေချင်ဘူး။ ထရမ့်က သမ္မတဖြစ်လာတော့ သူ့သြဇာနဲ့ အာဏာ ဆက်လက်ကြီးပွားရေးဘက် အလေးပေးပြီး သုံးလိုက်တယ်။ National Debt ကို “အမိသော်လည်း သားတော်ခဲ” သဘောထားလိုက်တော့တယ်။

     အဲ့ဒီမှာတင် အမြင်ကွဲပြား၊ ရပ်တည်ချက်ခြားနားပြီးထိပ်တိုက်တွေ့ကြရတော့တာဖြစ်တယ်။ ပိုပြီး လေပင့်လိုက်တဲ့ အရာကတော့ EV ကားတွေရဲ့ မူဝါဒပဲဖြစ်တယ်။ Musk ရဲ့ EV တွေအနောက် ဥရောပမှာ အရောင်းကျနေတာ အဲ့ဒီမူဝါဒကြောင့် ပိုဆိုးလာစရာ ဖြစ်လာတယ်။ မူဝါဒသက်ရောက်မှုမပါသေးပဲ Trump နဲ့ Musk တို့ ထိပ်တိုက်တွေ့ကြတဲ့ သတင်းကလဲ Tesla စတော့ကို ချက်ချင်းဆွဲကျသွားစေတာ တွေ့လိုက်ရတယ်။

ထိပ်တိုက်တွေ့ရင် ဘယ်သူရှုံးမလဲ

    သူတို့နှစ်ဦးထိပ်တိုက်တွေ့မှုက သာမန်မြင်ရိုးမြင်ကျထက် ပိုပြီးပြင်းထန်တယ်။ တစ်ဦးနဲ့တစ်ဦး အပြတ်လှဲကြမယ့်သဘောရှိလို့ အဏုမြူဗုံးတစ်လုံးကွဲသွားသလို ဖြစ်ခဲ့တယ်။ Ian Miles Cheong က “X” မှာရေးထားတာက သူတို့နှစ်ဦးထိပ်တိုက်ပွဲမှာ ဘယ်သူနိုင်၊ ဘယ်သူရှုံးမလဲ၊ သူကတော့ Musk ဘက်ကလောင်းမယ်လို့ရေးထားတယ်။ Musk ပြန်ရေးထားတာက
     “Time to drop the really big bomb.”
     “ထရမ့်ဟာ Epstein အမှုထဲမှာ ပါဝင်ပတ် သက်နေတယ်။ ဒါကြောင့် အများအမြင်ထဲကို အဲ့ဒီအမှုရောက်မလာရတာ”
     “ထရမ့်ကို ဖြုတ်ချပြီး ဒုတိယ သမ္မတ JD Vance နဲ့အစားထိုးသင့်တယ်”ဆိုပြီး အတော်ရဲရဲရေးထားတာတွေ့ရတယ်။

     Epstein ဆိုတာက ထရမ့်နဲ့ အိမ်ခြံမြေဝယ်ရောင်းပြုကြစဉ်က အလွန်ရင်းနှီးကြသူတွေဖြစ်တယ်။ Epstein ကို Pedophile Epstein လို့ သမုတ်ကြတယ်။အသက် ၁၃ နှစ်လောက်ကလေးတွေနဲ့ လိင်ဆက်ဆံရတာကို စွဲမက်နှစ်သက်သူလို့သဘောရတယ်။ Epstein မှာ လိင်မှားယွင်းကျူးလွန်တဲ့အမှုက တန်းစီနေပါတယ်။ ထရမ့် ပထမသက်တမ်း ၂၀၁၉မှာEpstein ကထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်စီရင်ခဲ့တယ်။ အမှုမှာ ထရမ့်က ပါဝင်နေလို့ အစဖျောက်လိုက်တဲ့သဘောကို Musk ကဆိုလိုတာလား မပြောတတ်ပါ။ အသေး စိတ်ကိစ္စတွေကို Muskက ကိုင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ Musk က ဘာထပ်ရေးလိုက်သေးသလဲဆိုတော့-
     “Mark this post forth future. The truth will come out.”
      ဒီပို့စ်ကို မှတ်ထားပါ။ အမှန်တရား တစ်ချိန်မှာပေါ်ထွက်လာမှာပါတဲ့။

     ဒီအချိန်မှာ ထရမ့်ရဲ့ Strategist မဟာဗျူဟာသမားဖြစ်တဲ့ Steve Bannon က –
     “Musk ဆေးသုံးစွဲတာကို စစ်ဆေးပါ ”
     “သူ့ကိုပြည်နှင်ဒဏ်ပေးလိုက်ပါ။ သူ့နေရပ်မူရင်းကိုပြန်ပါစေ” စသဖြင့် သမ္မတတစ်ဦးအနေနဲ့ ချက်ချင်းလုပ်လို့ရတာကို တိုက်တွန်းနေတာတွေ့ရတယ်။ Bannon ဆိုတာက MAGA ရဲ့ဒုတိယအကြီးအကဲဖြစ်ပါတယ်။

      ဘယ်သူရှုံးမလဲ-နိုင်မလဲဆိုတာမှာ နှစ်ပိုင်းတွေ့ရပါလိမ့်မယ်။
• အာဏာကိုချက်ချင်း အကောင် အထည်ဖော်နိုင်တဲ့အတွက် ပထမပိုင်းမှာ Musk က အရှုံးကို ဦးဆုံးရင်ဆိုင်ရမှာပါ။
• နောက်ပိုင်းမှာတော့ Musk က Trumpကို တဖြည်းဖြည်း ဖြိုလှဲသွားမှာဖြစ်လို့ ဒုတိယပိုင်းမှာ Trumpကအထိနာမှာဖြစ်ပါတယ်။

အကျိုးဆက်တွေမနည်းမနောပါ

     သူတို့နှစ်ဦး ထိပ်တိုက်တွေ့တဲ့ အကျိုးဆက်တွေက မနည်းမနောဖြစ်ပါတယ်။ Musk ကိုပြည်နှင်ဒဏ်ပေးလိုက်တာနဲ့ ရုရှားနဲ့ တရုတ်ကကောက်စား သွားပါလိမ့်မယ်။ အဲ့ဒီအင်အားတွေနဲ့ Musk ပေါင်းမိရင် Trump အနေနဲ့ အဆိုးဝါးဆုံး “ဆေးခါး”ကြီးကို သောက်ရပါလိမ့်မယ်။

     လောလောဆယ်မှာကိုပဲ Republican ထဲမှာ ထရမ့်ကို ထောက်ခံသူ၊ မထောက်ခံသူတွေဆိုပြီး အက် ကြောင်းတွေ ရှိနေတယ်။ အဲ့ဒီအက်ကြောင်းကို Musk က သိသိသာသာ နှစ်ပိုင်းခွဲပစ်နိုင်တဲ့ အခြေအနေရှိနေတယ်။ နောက်ပြီး Musk အနေနဲ့ Democrats တွေနဲ့ ပူးပေါင်းမိသွားရင် ထရမ့်အပေါ်အဆက်မပြတ် ပစ်လာတဲ့မြားချက်တွေက မရှောင်နိုင်အောင် ပြင်းထန်လာပါလိမ့်ဦးမယ်။

     Musk အနေနဲ့လည်း ဆုံးရှုံးမှုတွေ ကြီးမားပါဦးမယ်။ လောလောဆယ် အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ Contract တွေကို ထရမ့်က ဖျက်ပစ်နိုင်တယ်။ Space ‘X’ ကိုထောက်ပံ့နေတဲ့ အစိုးရ ကဏ္ဍကို ရပ်ဆိုင်းပစ်နိုင်တယ်။ Musk ရဲ့ဆေးသုံးစွဲမှုကို ရာဇဝတ်ကြောင်းနဲ့ချက်ချင်း အရေးယူနိုင်တယ်။ အခြားအနှောင့်အယှက် ပေးနိုင်တာတွေလဲ အများကြီးဖြစ်ပါတယ်။

     Musk က လောလောဆယ်ပါတီနှစ်ခုကိုထောက်ပံ့ထားပြီး သူကိုယ်တိုင် ပါတီတစ်ခုကိုလည်း တည် ထောင်ဖို့လုပ်နေပါတယ်။ အနည်း ဆုံး Democrats ဘက်ကို ပြောင်းလိုက်ရင်တောင် လာမယ့်ရွေးကောက် ပွဲမှာသမ္မတဖြစ်လာနိုင်ခြေ ရှိနေနိုင်ပြန်ပါသေးတယ်။ ပထမသမ္မတသက်တမ်းအကုန်မှာ Bidenလက်ထက်
ထရမ့်ဟာ အမှုပေါင်း ၃၄ မှုနဲ့ ရင်ဆိုင်ခဲ့ရတာ၊ လော လောဆယ် ထရမ့်ကို အမှုပေါင်း ၉ဝဝ လောက်နဲ့ တရားစွဲထားတာတွေ ရှိတယ်။ သမ္မတဖြစ်စဉ်မှာ ပြဿနာကြီးကြီးမားမားမရှိနိုင်ပေမယ့် သမ္မတ လွန်ကာလမှာ ထရမ့်အနာဂတ်နဲ့ နိဂုံးချုပ်ချိန်အထိ ပြဿနာပေါင်းများစွာကို ရင်ဆိုင်သွားရနိုင်ပါတယ်။

     ထရမ့်က ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်ရဲ့သမ္မတပါ။ အင်မတန်ကြီးမားတဲ့ ပါဝါကို ကိုင်ထားသူဖြစ်ပါတယ်။ Musk ကလဲ ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်ပါတယ်။ အဲ့ဒီအဆင့်မှာ နိုင်ငံတကာနဲ့ ချိတ်ဆက်နေပြီး နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားမို့ သူကလည်း ကြီးမားတဲ့ ပါဝါပိုင်ရှင်ဖြစ်နေပြန်ပါတယ်။

     သူတို့ နှစ် ဦးထိပ်တိုက်တွေ့တာကို လက်ခုပ် တီးမယ့်သူတွေကတော့ Democrat, Russia နဲ့ China တို့ဖြစ်ကြပါလိမ့်မယ်။ Musk နောက်မှာ ရပ်တည်ပေးကြပါလိမ့်မယ်။ Musk ကို ထရမ့် အနေနဲ့ လျှော့တွက်လို့ မရတော့ပါဘူး။ ဒီထိပ် တိုက်တွေ့မှုကို ဆက်ပြီးသယ်သွားရင် လာမယ့် လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲမှာ ထရမ့်ဘက်က အထိနာဖို့ သေချာသလောက် ဖြစ်သွားပါမယ်။ Musk ရဲ့လျှို့ဝှက်ကိုင်ထားမှုတွေ ရုရှားနဲ့
တရုတ်ဆီကိုရောက်သွားပါလိမ့်မယ်။

     ဒီပွဲက ထရမ့်ဟာ သမ္မတဖြစ်ပေမဲ့ အာဏာကို မဆင်မခြင် သုံးလို့ရမယ့်ပွဲ မဟုတ်ပါဘူး။အတော်သတိထားပြီး ပြန်စေ့စပ်ရမဲ့ပွဲဖြစ်တယ်လို့မြင်ပါတယ်။ ထိပ်တိုက်တွေ့မှုအရှိန်မြင့်လေ ထရမ့်အစိုးရ အပေါ် သက်ရောက်မှုကြီးလေ၊ Republican ပါတီအကွဲအပြဲပိုကြီးလေ ဖြစ်သွားမယ့်အခြေအနေမျိုးပါ။

     လောလောဆယ်မှာ Musk က ထရမ့်ကို ခပ်ပြင်းပြင်းတိုက်ခိုက်နေပြီး Trump က သိပ်ပြီး မာမာထန်ထန်ပြန်မတိုက်ရဲတာကို တွေ့ရပါလိမ့်မယ်။ Musk မှာ Trump Cards (အပွင့်ကြီးဖဲချပ်များ)တွေကိုင်ထားကြောင်း ထင်ရှားလှပါတယ်။

     လူ(သို့)အဖွဲ့အစည်းတစ်ခုခုအနေနဲ့ ကြားဝင်စေ့စပ်ပေးနိုင်ဖို့လိုအပ်ပါတယ်။ မဟုတ်ရင် ဒီထိပ်တိုက်တွေ့မှုက နှစ်ဦးလုံးဟာ Ego နဲ့ Emotion မြင့်သူတွေဖြစ်လို့ ဇာတ်ရှိန်ပိုမြင့်လာဖွယ်ရာသာ ရှိနေပါလိမ့်မယ်။

     ရေတိုမှာ Trump က အပေါ်စီးက ဖြစ်နိုင်ပေမယ့် ရေရှည်မှာ Musk က ထရမ့်ကို တဖြည်းဖြည်း သင်း သတ်သွားနိုင်ပါတယ်။ အမေရိကန်ရဲ့နိုင်ငံရေးရော၊ စီးပွားရေးရော၊ ပါတီတွေရော အကျိုးမရှိပဲ ကြီးကြီး မားမားထိခိုက်စေနိုင်မယ့် ထိပ်တိုက်တွေ့မှုဖြစ်တဲ့အတွက် မြန်မြန် မီးသေ သွားဖို့ လိုပါလိမ့်မယ်။

     ဒါပေမဲ့ Musk ကို ကြည့်ရသလောက်သူ့ ဆန္ဒတွေမပြည့်ဝရင် ဆက်ပြီး မကြောက်မရွံ့ တိုက် ခိုက်သွားမယ့်သဘော တွေ့ရတာကြောင့် စိုးရိမ်ရတဲ့ အခြေ အနေကို အမေရိကန်တွေဖြတ်သန်းနေရတဲ့ ကာလလို့ပဲ မှတ်ချက်ပြုရလိမ့်မယ်လို့ ထင်ပါတယ်။

#PAN