(ပြည်တွင်း) ဇွန်၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသူတွေအချင်းချင်း ပြဿနာဖြစ်ပွားမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင် ပျံ့နှံ့လာပါတယ်။

“မြောင်းမြ အ.ထ.က ၆ ကျောင်းသူများ ပြဿနာအား တာဝန်ယူဖြေရှင်းခြင်းနှင့် အရေ/းယူမှုဆိုင်ရာ ကြေညာချက်”လို့ ခေါင်းစီးပေးထားတဲ့ အဆိုပါ ထုတ်ပြန်ချက်ကို Lucky Omar 4U လို့ အမည်ရဲ့ Facebook Page က ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လည် ၁ နာရီခန့်က ပို့စ်တင်ပြီး ဖြန့်ဝေခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်ကို လိုက်လံစုံစမ်းကာ ကျူးလွန်ခံရသူတွေ စိတ်သက်သာရေးအတွက် လိုအပ်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်လျက်ရှိတဲ့အပြင် ကျောင်းအုပ်နဲ့ ပညာရေးမှူးတို့ကိုလည်း တာဝန်ယူမှု ရှိစေဖို့ အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ကျောင်းဝန်းအတွင်း ဖြစ်ပွားခဲ့တာဖြစ်တာကြောင့် ကျောင်းအုပ်ချုပ်ရေးနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိမှု ဖြစ်ကြောင်း၊ မိဘတွေအနေနဲ့ ဒီအခြေအနေမှာ တိုက်ရိုက်ပါဝင်မှုမရှိဘဲ၊ ကျောင်းအုပ်နဲ့ ဆရာ/ဆရာမတွေရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ ဆရာ/ဆရာမတွေကို စစ်ဆေးတာတွေ၊ ကျူးလွန်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးပြီး၊ ပညာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းနဲ့အညီ အရေးယူသွားမှာ ဖြစ်ကြောင်း၊ ယခင်က အလားတူပြဿနာတွေမှာ ဆရာတွေကို ရာထူးလျှော့ချတာတွေ၊ တာဝန်က ရပ်စဲတာတွေ ပြုလုပ်ခဲ့ဖူးကြောင်း၊ ကျောင်းအုပ်နဲ့ ပညာရေးမှူးရဲ့ တာဝန်ယူမှု ကျောင်းအုပ်ကြီးအနေနဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ပျက်ကွက်တာတွေ ရှိပါက ဝန်ထမ်းစည်းကမ်းအရ အရေးယူခံရမှာြဖစ်တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။
အဆိုပါ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း ရှိ/မရှိကို PAN သတင်းဌာန မေးမြန်းခဲ့ရာမှာ အဆိုပါ ထုတ်ပြန်ချက်မှာ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားလာပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်ကို နစကသတင်းမှန်ပြန်ကြားရေးကတစ်ဆင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင် Website ကလည်းကောင်း ထုတ်ပြန်ပေးလျက်ရှိနေတယ်လို့လည်း မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။
ဒါ့အပြင် အဆိုပါဖြစ်စဉ်ကို တရားဝင်ပြန်ကြားနိုင်ဖို့ စိစစ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းမှာ ပြန်ကြားသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေး ပြောဆိုခဲ့ပါတယ်။
အခုလို ထင်ယောင်ထင်မှားဖြစ်စေမယ့် ကြေညာချက်ထုတ်ပြန်သူကို စိစစ်လျက် လိုအပ်သလို အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပညာရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ သိရပါတယ်။
#PAN