အမိမြေလုံခြုံရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ခပ်ကြမ်းကြမ်းမေးမြန်းတဲ့ ကာလီဖိုးနီးယား အထက်လွှတ်တော်အမတ်ကို ဖမ်းဆီး


(နိုင်ငံတကာ) ဇွန်လ ၁၃

အမေရိကန်ပြည်သူ့လုံခြုံရေးဌာနရဲ့ အမိမြေလုံခြုံရေးဝန်ကြီး Christie Noem က အရေးအခင်းနဲ့ပါတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရှင်းလင်းပြောကြားနေစဉ် ကာလီဖိုးနီးယား အထက်လွှတ်တော် ဒီမိုကရက်တစ်အမတ် Alex Padilla ရဲ့ ပြင်းထန်တဲ့ မေးခွန်ကြောင့် သူ့ကိုလုံခြုံရေးတပ်ဖွဲ့ တွေကဖမ်းဆီးလိုက်ပါတယ်။

ကြာသပတေးနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခပ်ကြမ်းကြမ်းမေးလိုက်တဲ့ ကာလီဖိုးနီးယား အထက်လွှတ်တော်အမတ် Alex Padilla ( ဒီမိုကရက် ) ကို လုံခြုံရေးတပ်ဖွဲ့တွေက ရုပ်ပျက်ဆင်းပျက် ခေါ်ထုတ်ပြီး ရာဇဝတ်ကောင်တစ်ဦးလို ဖမ်းဆီးလက်ထိတ်ခတ်လိုက်တဲ့မြင်ကွင်းက ကမ္ဘာ့မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းသတင်း ဖြစ်လာခဲ့ပါတယ်၊

အထက်လွှတ်တော်အမတ်တဦးကို အခုလို အလွယ်တကူ အကြမ်းဖက် လက်ထိတ်ခပ်ဖမ်းဆီးခဲ့ရင် အမေရိကန်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတာဟာ အကြီးအကျယ်ခြိမ်းခြောက်မှုခံနေရပြီး မတွေးရဲစရာ ဖြစ်လာပြီ လို့ နိုင်ငံတကာအရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

နိုင်ငံတကာသတင်းတွေရဲ့ထုတ်ပြန်ချက်မှာတော့ ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ်ရဲ့ အင်္ကျီကို အမိမြေလုံခြုံရေးဝန်ကြီးရဲ့ လုံခြုံရေးတွေကအတင်းဆွဲကာ သတင်းစာရှင်းလင်းပွဲကနေ တွန်းထုတ်နေတာကို ဖော်ပြထားပြီး “ကျွန်တော်က အထက်လွှတ်တော်အမတ် Alex Padilla ပါ။ ဝန်ကြီးကို မေးစရာရှိပါတယ်”လို့ ပြောဆိုခဲ့တယ်လို့လည်း သတင်းတွေကပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကနေ ပြင်းပြင်းထန်ထန် ဖယ်ရှားခံရတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်တစ်ဦးရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းဟာ ဒီမိုကရက်တစ် လုပ်ဖော်ကိုင်ဖက်တွေကို ဒေါသထွက်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရက်တွေဟာ ချက်ချင်းစုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပြီး သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရလက်ထက်မှာ ဒီမိုကရေစီကို ခြိမ်းခြောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့လည်း ဒီမိုကရက်တစ်တွေက ပြောဆိုထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN