(မိုးလေဝသ) ဇွန် ၇
အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုမှာ မိုးကြီးမြေပြိုမှုတွေဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲအချိန် နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနိုင်တာကြောင့် ဇွန်လ ၉ ရက်ကနေ ၁၆ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးသည်းထန်ခြင်း၊ ဒေသအလိုက် မိုးကြီးခြင်းနဲ့ မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာစိုင်းခွန်အာကာက ပြောပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေဟာ တစ်နာရီကို (၃၅) မိုင်ကနေ မိုင် (၄၀) အထိ တိုက်ခတ်နိုင်တယ်လို့လည်း သူက ခန့်မှန်းရထားပါတယ်။
ပြည်သူလူထုအနေနဲ့ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနဲ့ လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်နိုင်တတယ်လို့လည်း သူက ပြောပါတယ်။
ကုန်းမြင့်ဒေသတွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မိုးကြိုးပစ်ခြင်း၊ မြေပြိုမှုအန္တရာယ်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ငယ်ချောင်းငယ်တွေအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်ကြသူတွေအနေနဲ့ လေပြင်းအန္တရာယ်နဲ့ လျှပ်တစ်ပြက် ရေကြီးရေလျှံမှုအန္တရာယ်တို့ကို ကြိုတင်သတိပြုနိုင်ဖို့ကိုလည်း အသိပေးထားပါတယ်။
စိုက်ပျိုးမွေးမြူတောင်သူတွေအပါအဝင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ် စက်လှေ သင်္ဘောတွေအနေနဲ့လည်း အထူးသတိပြုကြဖို့ကိုလည်း အထူးသတိပေးထားပါတယ်။
#PAN