(နိုင်ငံတကာ) မေလ ၂၃

အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ တန်ကြေးရှိ Golden Dome အလွှာစုံ ဒုံးပျံကာကွယ်ရေးစနစ် အစီအစဉ်ကို မေလ ၂၀ ရက်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။

Golden Dome စီမံကိန်းကို ကြီးကြပ်ဖို့ အာကာသတပ်ဖွဲ့ မှ ဒုတိယ ဦးစီးချုပ် (Vice Chief of Space Operations) ဗိုလ်ချုပ်ကြီး Michael Guetlein ကို ခန့်အပ် တာဝန်ပေးခဲ့ တယ်လို့လည်း သိရပါတယ်။

ဒီစနစ် အကြောင်းကို ထရမ့်က သူ့မိန့်ခွန်းတွေထဲမှာ မကြာခဏ ထုတ်ဖော် ပြောကြားလေ့ရှိပြီး အစ္စရေးလုပ် Iron Dome စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပုံတူ ရယူထားတဲ့ ဒီပရောဂျက်ဟာ ထရမ့်ရဲ့ သမ္မတသက်တမ်းမကုန်မီ စတင် အသုံးပြုနိုင်မှာ ဖြစ်ပြီး လာမယ့် ၃ နှစ်တာ ကာလအတွင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ထရမ့်က အဲဒီစနစ်မှာ အာကာသအခြေပြု အာရုံခံကိရိယာတေနဲ့ ကြားဖြတ်တိုက်ခိုက်ရေးစနစ်တွေအပါအဝင် ကုန်းမြေ၊ ရေပြင်နဲ့ အာကာသတစ်ဝှမ်းမှာ ဖြန့်ကြက်ထားမယ့် မျိုးဆက်သစ် နည်းပညာများ ပါဝင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပစ်မှတ်ကို ထိရောက်မှု ၁၀၀ ရာခိုင်နှုန်းနီးပါးရှိမယ့် Golden Dome ဟာ Iron Dome ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ ရန်သူ့ခြိမ်းခြောက်မှု နည်းလမ်းပေါင်းစုံဖြစ်တဲ့ အသံလွန်ဒုံးပျံများ (Hypersonic Missile)၊ ဒုံးလိမ္မာများ (Cruise Missile) နဲ့ အာကာသအတွင်းမှ ဒုံးပျံထိပ်ဖူး တွေကို ပစ်လွှတ်တိုက်ခိုက်နိုင်တဲ့ Fractional Orbital Bombardment Systems (FOBS) များရဲ့ ရန်က ကာကွယ်ရန် ဒီဇိုင်းထုတ်ထားတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဒီစီမံကိန်းအတွက် ကနဦးအဖြစ် ဒေါ်လာ ၂၅ ဘီလီယံကို ကွန်ဂရက်က ရေးဆွဲနေတဲ့ Big Beautiful Bill ဥပဒေကြမ်းတွင် ထည့်သွင်းမှာ ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့ပါတယ်။
ကနေဒါအနေနဲ့ ဒီစနစ်ကို စိတ်ဝင်စားနေကြောင်းနဲ့ ဒီစနစ်ရဲ့ အကာအကွယ်ကို ရယူလိုတယ်ဆိုရင် တန်ရာတန်ကြေးပေးရမယ်လို့လဲ ထရမ့်က ဆိုပါတယ်။
သမ္မတရေဂင်က စစ်အေးတိုက်ပွဲကာလအတွင်း အလားတူအရာတစ်ခုကို တည်ဆောက်ချင်သော်လည်း အဲဒီကာလက နည်းပညာ မရှိကြောင်း၊ ယခုတော့ အမေရိကန်မှာ နည်းပညာရှိနေပြီ ဖြစ်ကြောင်း ထရမ့်က ပြောကြာသွားပါတယ်။ ထရမ့်ဆိုလိုတာက ၁၉၈၃ ခုနှစ်မှာ ရေဂင် အဆိုပြုခဲ့တဲ့ အာကာသအခြေစိုက် ဒုံးပျံကာကွယ်ရေးစနစ် Strategic Defense Initiative (SDI) သို့မဟုတ် Star Wars ကို ဆိုလိုတာ ဖြစ်ပါတယ်။
(နိုင်ဆွေဦး)
Telegram»…
https://t.me/positiveanglenews