လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ ဓားပြတိုက်၊ လုယက်မှုများကျူးလွန်နေသော ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး


(မှုခင်း) မေလ ၁၆

မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မန္တလေးမြို့ပေါ် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မြစ်ငယ်မြို့တို့အတွင်း ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင် ဆောင်ကာ ဂိုဏ်းဖွဲ့၍ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ ကျူးလွန်သူတရားခံများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၅ ရက်တွင် ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်မှုများတွင် ဦးဆောင်ကျူးလွန်ခဲ့သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်း၊ ၂၉ နှစ်၊ (ဘ)ဦးသံချောင်းအား ဖော်ထုတ်ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ နေထက်လင်း၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဓားပြတိုက်၊ လုယက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သူများ ဖြစ်သည့် ၎င်း၏ဇနီး မေမီမီကို၊ ၃၁ နှစ်၊ (ဘ)ဦးကိုကိုလွင်၊ စဉ့်ကိုင်မြို့နယ်၊ အရေးမဆိုကျေးရွာနေ ညီညီလွင်(ခ)ညီညီ၊ ၂၉ နှစ်၊ (ဘ)ဦးအေးကို၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်နေ ကိုကိုလွင် ၊ ၆၅ နှစ်၊ (ဘ)ဦးတင်မောင်လေး၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာနေသူများဖြစ်သည့် ရဲနိုင်ဝင်း(ခ)ဖိုးသား၊ ၃၇ နှစ်၊ (ဘ)ဦးခင်မောင်နှင့်၊ ဟိန်းမင်းသူ (ခ)ဟူစိန်၊ ၂၂ နှစ်၊ (ဘ)ဦးမြင့်စိုး၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ နေမင်းအောင်(ခ)ထက်လင်း၊ ၂၆ နှစ်၊ (ဘ)ဦးမြင့်မိုး၊ အမရပူရမြို့နယ်၊ စာတိုးကျေးရွာနေ မျိုးဇော်၊ ၂၆ နှစ်၊ (ဘ)ဦးမြင့်နောင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေသူများဖြစ်သည့် မင်းသက်နိုင်(ခ)ကျစ်ကျစ်၊ ၂၈ နှစ်၊ (ဘ)ဦးကိုကိုလွင်၊ ကျော်သီဟ(ခ)သီဟ၊ ၂၄ နှစ်၊ (ဘ)ဦးကျော်၊ မင်းသက်ကို(ခ)ချစ်ချစ်၊ ၂၃ နှစ်၊ (ဘ)ဦးကိုကိုလွင်၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးကျေးရွာနေ ဇာနည်ထွန်း(ခ)ဇာနည်၊ ၃၈ နှစ်၊ (ဘ)ဦးကြည်လေး၊ နေပြည်တော်၊ သာဝတ္ထိမြို့၊ စက်ရုံစုရပ်ကွက်နေ ဉာဏ်ထက်လင်း(ခ)ကိုထက် ၊ ၃၁ နှစ်၊ (ဘ)ဦးနေမျိုးလှိုင်၊ မုံရွာမြို့၊ မြဝတီရပ်ကွက်နေသူများဖြစ်သည့် သန်းသန်းမိုး၊ ၅၁ နှစ်၊ (ဘ)ဦးသံချောင်းနှင့် မြင့်မိုး၊၅၁ နှစ်၊ (ဘ)ဦးပေါရှိန်၊ အမရပူရမြို့နယ်၊ ဘနောကျေးရွာနေ ဖြူစွာမင်း(ခ)ကတုံး၊ ၃၀ နှစ်၊ (ဘ)ဦးချွတ်၊ ဟုမ္မလင်းမြို့နေ ဇော်မျိုးထက်(ခ)ကိုမျိုး၊ ၃၃ နှစ်၊ (ဘ)ဦးသံချောင်းတို့ ပါဝင်သော ဂိုဏ်းအဖွဲ့မှ တရားခံအမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စတိုသေနတ် ၄ လက်၊ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီး၊ ပြောက်ကျားဝတ်စုံ ၄ စုံတို့နှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ ၃ ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တံတားဦးမြို့နယ်၊ ခင်လူးလေးကျေးရွာနေ ကိုဟန်(ခ) ကိုသီဟန် မောင်းနှင်လာသည့် YGN 2R-xxxx FORD DOUBLE CUB မော်တော်ယာဉ်အား အကြမ်းဖက်လုယက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ ၃ ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အမရပူရမြို့နယ်ရှိ “မောင်ဒိန်း” ရွှေဆိုင်အား လုယက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင် တို့ ၄ ဦးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ “Sky Star Mobile” ဖုန်းဆိုင်မှ ဖုန်း ၈၄ လုံးနှင့် ငွေ ၇ သိန်းကျော်အား လုယက်မှု ကျူးလွန်ရာတွင် လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ ၅ ဦးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၁၁ ရက်နေ့တွင် ကျောက်ဆည်မြို့၊ မြို့မဈေးအတွင်းရှိ “ဦးသန်းထွန်း+ ဒေါ်ခင်ရီ”ရွှေဆိုင်နှင့် “ဦးသန်းနိုင်+ဒေါ်သူဇာဝင်း”ရွှေဆိုင်တို့အား ဓားပြတိုက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ မျိုးဇော်၊ နေမင်းအောင်၊ မင်းသက်နိုင်၊ ဇာနည်ထွန်း၊ သန်းသန်းမိုး၊ မြင့်မိုးတို့ ၇ ဦး သည် ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ ၃၈x၃၉ လမ်းနှင့် ၈၄ x ၈၅ ကြားရှိ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း”ရွှေဆိုင်အား ဓားပြတိုက်မှုကျူးလွန်ရာ တွင်လည်းကောင်း၊ နေထက်လင်းနှင့် ညီညီလွင်တို့ ၂ ဦးသည် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄x၅၅ ကြား၊ (၁၁)Fလမ်းနေ ဒေါ်ဆွေဇင်ထွန်း၏ နေအိမ်အတွင်း ဝင်ရောက်၍ ငွေစက္ကူရောရာ ကျပ် ၁၁၉ သိန်းကျော်အား လုယက်မှုကျူးလွန်ရာတွင် လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ဉာဏ်ထက်လင်းတို့ ၆ ဦးသည် ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာရှိ “မြသဇင်” အထည်ဆိုင်အား ဓားပြတိုက်မှုကျူးလွန်ရာ တွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ကိုကိုလွင်နှင့် ဉာဏ်ထက်လင်းတို့သည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၅ လမ်း၊ ၁၀၃x ၁၀၄ ကြားရှိ “ရွှေဇာမဏီ”ရွှေဆိုင်အား ဓားပြတိုက်မှုကျူးလွန်ရာတွင်လည်းကောင်း အသီးသီးပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း သိရသည်။

ဖော်ထုတ်ဖမ်းဆီးရမိသည့် ဓားပြတိုက်ခြင်း၊ လုယက်မှုများအားကျူးလွန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင် ကျူးလွန်ခဲ့ကြကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဖမ်းဆီးရမိသည့် နေထက်လင်းအပါအဝင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂ ဦး တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံများနှင့် သိမ်းဆည်းရန်ကျန် လက်နက်ခဲယမ်းများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး၊ ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN