စည်းကြပ်ကင်းလွတ်ဝင်ငွေပေါ် အခွန်နှုန်းထားပြောင်းလဲမှုမရှိ


(ပြည်တွင်း) မေ ၈

စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကို ပြီးခဲ့တဲ့နှစ်ကအတိုင်း ပြောင်းလဲခြင်းမရှိဘဲ သတ်မှတ်ခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေအရ သိရပါတယ်။

ဧပြီလ ၁ ရက်မှာ စတင်အသက်ဝင်တဲ့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာ ၂၀၂၄ ခုနှစ် အတိုင်း စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် ဝင်ငွေအလိုက် အခွန်နှုန်းထား ၃ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်အတွက် အခွန်နှုန်းထားအနေနဲ့ ဝင်ငွေ ၁ ကျပ်ကနေ ကျပ်သိန်း ၃,၀၀၀ အထိကို ဝင်ငွေခွန်နှုန်း ၃ ရာခိုင်နှုန်းသာ ဆက်လက်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ကျပ်သိန်း ၃,၀၀၀ ကနေ သိန်း ၆,၀၀၀ အထိကိုတော့ ၅ ရာခိုင်နှုန်း၊ သိန်း ၆,၀၀၀ ကနေ သိန်း ၁၀,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ ကနေ ၃၀,၀၀၀ အထိကို ၁၅ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေအဆောက်အဦ၊ မော်တော်ယာဉ်ကဲ့သို့ အခြေခံပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူလိုပါက ဝင်ငွေရလမ်း မတင်ပြနိုင်တဲ့ငွေကို စည်းကြပ်မှုက ကင်းလွတ်နေတဲ့ဝင်ငွေလို့ သတ်မှတ်ပြီး လက်ရှိပြဋ္ဌာန်းထားတဲ့ ပမာဏအတိုင်း အခွန်ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN