ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိ


(မှုခင်း) မေ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က စိတ်ကြွရူးသွပ်ဆေးပြားနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများ ဖမ်းဆီးရမကြောင်း သိရသည်။

ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မိုင်းပျဉ်း မှ ကာလိဘက်သို့ ကျော်စွာမြင့်(ခ)လင်းအောင် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးမော်တော်ယာဉ် နှင့် စိုင်းပညာ မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်း၊ ထိန်းချုပ် ဓာတုပစ္စည်းကဖင်း ၂ ဒသမ ၇၂၅ တန်နှင့် အနံ့ဆေးရည် ၆၀၀ လီတာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့နယ်မှ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN