(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်သူမြတ်များအား ချီးကျူးပူဇော်ပွဲအခမ်းအနား ကျင်းပမည်


(ပြည်တွင်း) မေ ၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်(၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် ကျော် ၉ ရက်) နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရပါတယ်။

အခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအပါအဝင် ပင့်သံဃာ ၃၁ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော တိပိဋကဓရ တိပိဋကကောဝိဒ ၁ ပါး၊ ဒီဃနိကာယ ကောဝိဒ ၂ ပါး၊ ဒီဃဘာဏက ၁၁ ပါး၊ ဝိနယကောဝိဒ ၁ ပါး၊ ဝိနယဓရ ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ၄၆ ပါး၊ စာအောင် သံဃာ ၉၇ ပါး၊ စုစုပေါင်းသံဃာတော် ၁၂၈ ပါးတို့အား လှူဖွယ် ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။

အလှူရှင်များအနေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းများကို ညွှန်ကြားရေးမှူးစာမေးပွဲဌာနခွဲ သာသနာရေးဦးစီးဌာန ဖုန်း ၀၉-၈၈၀၅၆၀၇၉၀၊ ၀၉-၄၃၀၆၇၁၆၈ သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN