မဟာအောင်မြေမြို့နယ်၌ အမျိုးသား ၁ ဦးအား ဇနီးဖြစ်သူမှ ၎င်းနှင့် လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့် ပူးပေါင်းလုပ်ကြံသတ်ဖြတ်ခဲ့မှုဖြစ်ပွား


(မှုခင်း) မေ ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဧပြီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့် ပူးပေါင်း၍ လုပ်ကြံသတ်ဖြတ်ခဲ့မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇x၃၈ လမ်းကြား၊ သင်္ဂဇာပတ်လမ်း (အနောက်)ရှိ Happy Like လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်နေမျိုး၊ ၅၀ နှစ်သည် လက်ဖက်ရည်ဆိုင်အိပ်ခန်းအတွင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ရွှေစင်ဝင်း၏ ဖုန်းဆက်အကြောင်းကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်နေမျိုးအား လက်ဖက်ရည်ဆိုင်အိပ်ခန်း အတွင်း ကုတင်ပေါ်၌ ယာနားထင်မှ ကျည်ဖောက်ဝင်ပြီး ဝဲနားထင်ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာ ၂ ချက်တို့ဖြင့် သေဆုံးနေပြီး အခင်း ဖြစ်နေရာမှ Thai Arms 9mm စာတန်းပါ ကျည်ခွံ ၁ ခု သိမ်းဆည်းရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရရှိနိုင်ရေး အမှတ် (၇)နယ်မြေရဲစခန်း (ပ)၅၀/၂၀၂၅။ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်း သိရသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အထူးအမှုစစ်အဖွဲ့ ဖွဲ့၍ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ မသင်္ကာ တရားခံများစုံစမ်းရှာဖွေခြင်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ရာ သေဆုံးသူ ဦးအောင်နေမျိုး၏ ဇနီး ဒေါ်ရွှေစင်ဝင်းမှာ မသင်္ကာဖွယ်အမူအယာပျက်ယွင်း နေသဖြင့် ၎င်းအား အသေးစိတ်စစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူမှာ ၎င်းအား အမျိုးမျိုးညှင်းပန်းနှိပ်စက်သည့်အပြင် အတူနေ၎င်း၏ ညီအစ်ကိုမောင်နှမများအား နေအိမ်မှ အကြိမ်ကြိမ်မောင်းချသဖြင့် စိတ်နာကျည်းခဲ့ကြောင်း၊ လွန်ခဲ့သော (၁)နှစ်ကျော်က Tik Tok အသုံးပြုရာမှ ၎င်းနှင့် ချစ်ကြိုက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးအတွင်း ကုန်စိမ်းရောင်းချသူ ဇော်ဖြိုးအောင်၊ ၃၃ နှစ်အား မန္တလေးမြို့သို့ ခေါ်ဆောင်၍ အတူနေထိုင်ခဲ့ကြောင်း၊ လွန်ခဲ့သော ၁ လကျော်မှစတင်၍ မန္တလေးမြို့သို့ ဇော်ဖြိုးအောင် ရောက်ရှိလာသည့်အခါ ၎င်းတို့ ၂ ဦး အတူနေထိုင်ရန်အတွက် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုတ်စက်ရပ်၊ အကွက် (၁၃) ရှိ အဆောင် ၁ ဆောင်အား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒေါ်ရွှေစင်ဝင်းက ၎င်းအား ညှင်းပန်းနှိပ်စက်နေသည့် ခင်ပွန်းဖြစ်သူအား လုပ်ကြံသတ်ဖြတ်ပေးရန် ဇော်ဖြိုးအောင်အား လွန်ခဲ့သော ရက်အနည်းငယ်က ဖုန်းဖြင့် ဆက်သွယ်ပြောဆိုတိုင်ပင်ခဲ့ကြကြောင်း၊ ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဇော်ဖြိုးအောင်မှာ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ၎င်းမှ ခင်ပွန်းဖြစ်သူအား လုပ်ကြံသတ်ဖြတ်ရန်အတွက် လာရောက်ရမည့်အချိန်နှင့် ခင်ပွန်းဖြစ်သူအိပ်သည့် နေရာတို့အား အသေးစိတ်ထပ်မံရှင်းလင်းပြောပြခဲ့ကြောင်း၊ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇော်ဖြိုးအောင်မှ ဦးအောင်နေမျိုး အိပ်သည့်အခန်းအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ဇော်ဖြိုးအောင် နေထိုင်ရန် ၎င်းငှားရမ်းပေးထားသည့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုက်စက်ရပ်၊ အကွက် (၁၃)ရှိ အဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါအခန်းအတွင်းမှ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် SIGSAUER အမျိုးအစား 9mm ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၈ တောင့်နှင့် Scoopy ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး တရားခံ ဇော်ဖြိုးအောင်မှာ ၎င်း၏ဇာတိဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထပ်မံစုံစမ်းဖော်ထုတ်သိရှိရသဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တရားခံ ဇော်ဖြိုးအောင်၊ ၃၃ နှစ်၊ (ဘ)ဦးစံမြင့်အား တံခွန်တိုင်ကျုံဝါးကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ၎င်းနှင့် လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့် ပူးပေါင်းကာ လုပ်ကြံသတ်ဖြတ်၍ လိမ်လည်သတင်းပေးတိုင်တန်းခဲ့မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ရွှေစင်ဝင်းနှင့် ဇော်ဖြိုးအောင်တို့ ၂ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN