(ပြည်တွင်း) ဧပြီ ၂၀
မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ် မြေ၊ သံနှင့်သွပ်များကိုလည်း နိုင်ငံတော်မှ သင့်လျော်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဧပြီ ၁၉ ရက်နေ့က မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ရှိ တာဝန်ရှိသူများ ရပ်မိရပ်ဖများအား ငလျင်ဘေးဒဏ် ထိခိုက်မှုများကြောင့် ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ နစကဥက္ကဋ္ဌမှ တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များအတွက်လည်း အမျိုးအစားများအလိုက် သင့်လျော်သည့်နှုန်းထားများဖြင့် ငွေကြေးများ ထောက်ပံ့ပေးသွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသကဲ့သို့ မိမိတို့ကိုယ်တိုင် မှလည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပြီး မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နေရာချထားမှု Town Plan များ စနစ်တကျ ပြန်လည်ရေးဆွဲပြီးမြို့၏ ကောင်းရာ ကောင်းကျိုးအတွက် ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။
#PAN