ဒူဘော့စ်နှင့် အူဆက်ခ်တို့ ထိုးသတ်ရန် ဆွေးနွေးမှုစတင်


(အားကစား) ဧပြီ ၁၈

ဗြိတိန်ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား ဒူဘော့စ် နဲ့ ယူကရိန်းဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အူဆက်ခ် တို့ လာမယ့် ဇူလိုင်လ ၁၂ ရက်တွင် ဝင်ဘလေကွင်းမှာ ထိုးသတ်ဖို့အတွက် စကားပြောဆိုမှုတွေ စတင်နေပြီလို့သိရပါတယ်။

ဒူဘော့စ် က IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး အူဆက်ခ် ကတော့ WBA,WBO နဲ့ WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် အူဆက်ခ် ဟာ ၂၀၂၃ ဩဂုတ်လက ဒူဘော့စ် ကို အနိုင်ရထားခဲ့ဖူးပြီး ကစား သမားဘဝ ၂၃ ပွဲထိုးသတ်ခဲ့ရာမှာ ရှုံးပွဲမရှိသေးသူဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒူဘော့စ် ကတော့ အူဆက်ခ် ကို ပထမအကြိမ်ရှုံးနိမ့်ခဲ့ရမှုအပေါ် မကျေပွဲပြန်ထိုးပြီး လက်စားချေနိုင်ဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။

ဒူဘော့စ် ဟာ အူဆက်ခ် ကို ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ထိုးသတ်ခဲ့တဲ့ ၃ ပွဲစလုံးကို အနိုင်ရထားတာဖြစ်ပါတယ်။

လက်ရှိမှာ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ၂ ယောက်ရဲ့ မကျေပွဲအတွက် စကားပြောဆိုမှုတွေ ပြုလုပ်တဲ့ အဆင့်သာရှိသေးပြီး အပြီးသတ်သဘောတူညီချက်တော့မရသေးဘူးလို့ သိရပါတယ်။

အူဆက်ခ် ကတော့ ကစားသမားဘဝက အနားမယူခင် ဟဲဗီးဝိတ်တန်းချန်ပီယံဆုအားလုံးရဲ့ ပိုင်ရှင်ဖြစ်လာဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။

ဒူဘော့စ် အနေနဲ့ ၁၉၉၉ ခုနှစ်က လင်းနော့စ်လူးဝစ် နောက်ပိုင်း ဟဲဗီးဝိတ်တန်း ချန်ပီယံဆုအားလုံးကိုပိုင်ဆိုင်တဲ့ ပထမဆုံးဗြိတိန်နိုင်ငံသားအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN