(ပြည်တွင်း) ဧပြီ ၁၀

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေး အဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက် ရောက်ရှိလာကြကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် ၁၀၄ တန် တင်ဆောင်လာသော Y-20 အမျိုးအစား လေယာဉ်လေးစင်း တို့သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ရောက်ရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Ms. Cao Jing က လွှဲပြောင်းပေးအပ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှသံအမတ်ကြီး ဦးကျော်ထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိန်းတို့က လက်ခံခဲ့ကြကြောင်း သိရသည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲ၊ မိုးကာစ၊ အိပ်ရာခင်း၊ ခြင်ထောင်နှင့် စားသောက်ကုန်များ စုစုပေါင်း ၉၂၇၂၇ Kg တင်ဆောင်လာသည့် Air China လေကြောင်းမှ လေယာဉ်သည် ယမန်နေ့မွန်းလွဲ ၁၂ နာရီမိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Minister Counsellor ဖြစ်သူ Mr. Jia Junjie နှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုကြကြောင်း သိရသည်။
အဆိုပါရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက်ပို့ခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews