“အီရန်နှင့်အမေရိကန်အကြား နျူကလီးယားအရေး ဆွေးနွေးပွဲ အိုမန်နိုင်ငံတွင် ကျင်းပမည်”

(နိုင်ငံတကာ) ဧပြီ ၉

အီရန်နှင့်အမေရိကန်အကြား နျူကလီးယားရေးဆွေးနွေးပွဲကို အိုမန်နိုင်ငံ၌ ဧပြီလ ၁၂ ရက်တွင် ကျင်းပ မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဗတ်အေရာချီက ဧပြီလ ၈ ရက်တွင် ပြောကြားသည်။

အီရန်နှင့်အမေရိကန် အကြား နျူကလီးယားအရေးဆွေးနွေးမည်ဟု အမေရိကန်သမ္မတထရမ့်က ပြောကြားခဲ့ပြီး ၎င်းက အထက်ပါ အတိုင်း ထပ်လောင်းပြောကြားသည်။ အိုမန်နိုင်ငံတွင် ကျင်းပမည့်ဆွေးနွေးပွဲတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဗတ်အေရာချီနှင့် အမေရိကန်သမ္မတ၏အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့တို့ ဆွေးနွေးမည်ဖြစ်သည်။

ယခု ဆွေးနွေးပွဲသာ ဖြစ်လာပါက ထရမ့်သမ္မတအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ပြီး အီရန်နှင့်အမေရိကန်အကြား ပထမဆုံးတရားဝင် တွေ့ဆုံဆွေးနွေးမှုဖြစ်လာမည် ဖြစ်သည်။ နျူကလီးယားအရေးဆွေးနွေးရာတွင် အမေရိကန်ဘက်မှ ရိုးသားမှုမရှိသည့်ဆောင်ရွက်ချက်များကို စွန့်လွှတ်ပြီး စိတ်ရင်းအမှန်ဖြင့် ဆွေးနွေးမည်ဆိုပါက အီရန်က ညှိနှိုင်းဆွေးနွေးဆောင်ရွက်မည်ဟု အီရန်သမ္မတ မာဆော့ပါ ဇက်ကီရန်က ပြောကြားသည်။

အီရန်အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများကို အလိုရှိသော်လည်း အမေရိကန်ဘက်မှ မရိုးသားသည့်နည်းလမ်းဖြင့် အီရန်အား ဖိအားပေးဆွေးနွေးမည့်နည်းလမ်းကို မလိုလား ကြောင်း ၎င်းက ပြောကြားသည်။ မိမိတို့အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုကိုလက်ခံသော်လည်း အမေရိကန်ဘက်မှ မရိုးသားသည့်နည်းလမ်းကို အသုံးပြုကာ အီရန်နိုင်ငံရပ်တည်မှုအား ဈေးချဆွေးနွေးမည့်အရေးကို မလိုလား ကြောင်း ၎င်းက ပြောကြားသည်။

အီရန်နိုင်ငံအနေဖြင့် မိမိနိုင်ငံအား ကျူးကျော်တိုက်ခိုက်လာမည့် ရန်သူများကို ပြန်လည်တိုက်ခိုက်ရန် စွမ်းအားရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးဗဂါဒီက ပြောကြားသည်။

ထို့ပြင် အီရန်နိုင်ငံက နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုနေခြင်းကို ဟန့်တားနေသည့် အစ္စရေးနှင့် အမေရိကန်တို့ ဆောင်ရွက်ချက်များကိုလည်း အရေးယူဆောင်ရွက်ရန် နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီအား ၎င်းက ပန်ကြားခဲ့သည်။ အမေရိကန်သမ္မတထရမ့် က မတ်လအစောပိုင်းတွင် နျူကလီးယားအရေး တွေ့ဆုံ ဆွေးနွေး မည် ဟု အီရန်တာဝန်ရှိသူများအား စာရေးသားအကြောင်းကြားခဲ့သော်လည်း သွယ်ဝိုက်သည့် နည်းလမ်း ဖြင့်သာ ဆွေးနွေးမည်ဟု အီရန်သမ္မတ က အကြောင်းပြန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။