“စစ်ကိုင်းမြို့မှာ အခမဲ့ရွေ့လျားဆေးပေးခန်း ရက်အလိုက် ဖွင့်လှစ်ကုသပေးသွားမည်”

(ပြည်တွင်း) ဧပြီ ၉

စစ်ကိုင်းမြို့မှာ ဧပြီလ ၉ ရက်နေ့မှစတင်ကာ ဧပြီလ ၁၇ ရက်အထိ အခမဲ့ရွေ့လျားဆေးပေးခန်းကို နေရာ ၈ နေရာမှာ ရက်အလိုက်ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အသိပေးချက်အရ သိရပါတယ်။

အဆိုပါရွေ့လျားဆေးပေးခန်းကို ဧပြီလ ၉ ရက်မှာ တောင်ရေဦးဘုန်းတော်ကြီးကျောင်း၊ ဧပြီလ ၁၀ ရက်မှာ မွန်ကျောင်းဘုန်းတော်ကြီးကျောင်း၊ ဧပြီလ ၁၁ ရက်မှာ အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဧပြီလ ၁၂ ရက်မှာ ရွှေတောင်ဦးဘုန်းတော်ကြီးကျောင်း၊ ဧပြီလ ၁၄ ရက်မှာ ပဲစားချောင်ကျောင်းတိုက်၊ ဧပြီလ ၁၅ ရက်မှာ တောင်ရေဦးဘုန်းတော်ကြီးကျောင်း၊ ဧပြီလ ၁၆ ရက်မှာ မွန်ကျောင်းဘုန်းကြီးကျောင်း၊ ဧပြီလ၁၇ရက်မှာ အောင်မြေဦး ဘုန်းတော်ကြီးပညာရေးကျောင်းတို့မှာ ရက်အလိုက် အသီးသီးဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ယခုနေရာများဟာ ဆေးခန်းဖွင့်လှစ်နိုင်ရန် လျာထားနေရာများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးခန်း ဖွင့်လှစ်မယ့် နေရာများအပြောင်းအလဲ ရှိနိုင်ကြောင်း အသိပေးထားပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငလျင် သင့်ဒေသများအားလုံးသို့ အခမဲ့ရွေ့လျားဆေးပေးခန်းများ သတ်မှတ်ရက်များအလိုက် ဖွင့်လှစ်၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဒါ့အပြင် ကလေးငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများဆောင်ရွက်နေသလို တဖက်မှာလည်း ငလျင်ကြောင့် ပျောက်ဆုံးခဲ့ရတဲ့ မိသားစုများ အဆက်အသွယ်ပြန်လည်ရရှိရေးမှာ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။