
(ပြည်တွင်း) ဧပြီ ၅
မြန်မာနိုင်ငံအလယ်ပိုင်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာ စကေးရှိ အလွန်ပြင်းထန်သည့် ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်ကြောင်းကို ပြသသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတို မိုဟာမက်ဟာဆမ်နှင့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး မာရစ်ဆတ်ငီရမ်ဖုန် တို့သည် နေပြည်တော်သို့ ဧပြီလ ၅ ရက်နေ့တွင် ပူးတွဲခရီးစဉ်လာရောက်ခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပူးတွဲအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံခြား ရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ လာရောက်၍ မြန်မာပြည်သူများအား ထောက်ထားစာနာမှုနှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသများ၌ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အကူ အညီများအား အချိန်နှင့်တစ်ပြေးညီ ပေးပို့စေလွှတ်ခဲ့ သည့် အာဆီယံနိုင်ငံများ၏ လူသားချင်းစာနာမှုဆောင်ရွက်ချက်များကို အထူးလေးစားမိပါ ကြောင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးကာလ လွန်ပြီးသည့်နောက်ပိုင်းတွင် ထိခိုက်ခံစားရ သည့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်ချက်များဖြစ်သည့် ရွေ့လျား ဆေးရုံများနှင့်ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ၊ ရေထောက်ပံ့မှုစနစ်များနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ဆက်လက်ကူညီပံ့ပိုးပေးပါရန်အတွက်လည်း မေတ္တာရပ်ခဲ့ပါသည်။

မလေးရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က အာဆီယံမိသားစုအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ် တည်လျက်ရှိကြောင်း၊ ငလျင်ဒဏ်သင့် ဒေသများ၌ လိုအပ်ချက်များကို ဆက်လက်ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း၊ အာဆီယံဘေးအန္တရာယ်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အကူ အညီ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) ၏ ပံ့ပိုးမှုဖြင့် လူသားချင်း စာနာထောက်ထားမှု အကူ အညီများ၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပြည်သူများအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ဦးစား ပေးဆောင်ရွက်နိုင်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
#PAN