အပျက်အစီးများအောက်တွင် ၅ ရက်ကြာပိတ်မိနေသူ အမျိုးသား ၁ ဦးအား ကယ်ဆယ်ရရှိ

(ပြည်တွင်း) ဧပြီ ၂

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က အေးချမ်းသာဟိုတယ်အောက်မှာ ပိတ်မိနေတဲ့ အသက် ၂၆ နှစ်အရွယ် ဟိုတယ် ပြင်/ထိန်း ဝန်ထမ်း နိုင်လင်းထွန်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်များနဲ့ တူရကီ(တူကီရဲ) နိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၁ ရက် ညနေ ၃ နာရီအချိန်က စတင်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာက ရှာဖွေကယ်ဆယ်မှု ကြာချိန် ၉ နာရီခွဲကြာမြင့်ခဲ့ပြီး ည ၁၂ နာရီခွဲအချိန်တွင် နိုင်လင်းထွန်းအား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

ပြင်းထန်ငလျင်လှုပ်ပြီး ၅ ရက်မြောက်နေ့မှာ နိုင်လင်းထွန်းကိုအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်လင်းထွန်းလိုပဲ ဟိုတယ်အတွင်းမှာပိတ်မိနေတဲ့ အသက် ၂၆ နှစ်အရွယ် ထက်မောင်မောင် ဆိုသူလည်း ပိတ်မိကျန်ရှိနေတာကိုသိရှိရတဲ့အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ် ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်တွေ တူရကီ(တူကီရဲ) နိုင်ငံက GEA Search and rescue အဖွဲ့ဝင်တွေ ဗီယက်နမ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီး ထပ်မံရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

မနက် ၁၀ နာရီကစတင်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ရှာဖွေကယ်ဆယ်မှု ကြာချိန် ၃ နာရီခွဲခန့် (၁ နာရီ ၁၅ မိနစ်)မှာ မောင်ထက်မောင်မောင်ရဲ့ လက်တစ်ဖက်နဲ့ တွေ့ရှိချိတ်ဆက်မှု ရရှိခဲ့ပြီး ဆက်လက်ရှာဖွေကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။

Telegeram Join -https://t.me/positiveanglenews

PAN #မြန်မာ #ငလျင် #အေးချမ်းသာဟိုတယ်