(ပြည်တွင်း) ဧပြီ ၁
ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ဒီနေ့ ဧပြီ ၁ ရက်က မွန်းလွဲပိုင်းက နေပြည်တော် ဥပ္ပါတသန္တိစေတီီတော်ရှေ့ တပေါင်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နစက ဥက္ကဋ္ဌကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။

ငလျင်ဘေးသင့်ပြည်သူတွေအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားမှာ အလှူရှင်တွေက ငွေသား ကျပ် ၁၀၄ ဒသမ ၄၄ ဘီလျံနဲ့ အလှူပစ္စည်း ကျပ် ၁၂ ဒသမ ၄ ဘီလျံ၊ စုစုပေါင်း ကျပ် ၁၁၆ ဒသမ ၈၄ ဘီလျံ ကို လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှာစကားပြောကြားနေစဥ်အတွင်း မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်အရောက်မှာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆောင်ရွက်မှုအဖြစ် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်ပြီး ဦးညွတ်ဂါရဝပြုခဲ့ကြပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးအဆင့်ရှိ အလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက် စာနာနားလည်မှုတွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတဲ့အနေနဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အခမ်းအနားကိုတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးတွေနဲ့ အလှူရှင် စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ကြတာဖြစ်ပါတယ်။