
(ဆောင်းပါးကဏ္ဍ) မတ် ၃၀
နေဇင်လတ်
ထရမ့်ကို Nile Gardiner က အတော်ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်တာတွေ့ရတယ်။Gardiner ဆိုတာက ဗြိတိသျှဝန်ကြီးချုပ်ဟောင်းမာဂရက်သက်ချာရဲ့လက်ထက်တုန်းကထိပ်တန်းလက်ထောက်တစ်ဦး ဖြစ်ပါတယ်။ မာဂရက်သက်ချာဆိုတာကလည်း UK ဝန်ကြီးချုပ်သမိုင်းမှာအလွန်ထင်ရှားကျော်ကြားသူလဲဖြစ်၊ Iron Lady ဆိုတဲ့ သံမဏိအမျိုးသမီးလို့လည်း နာမည်ကြီးခဲ့တဲ့ သမိုင်းတင်ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်။
Gardiner က“ကျွန်တော်ထရမ့်ကို ကောင်းကောင်းသိတယ်။ ဆုံလည်းဆုံဖူးခဲ့တယ်။ သူ့ကြည့်ရတာ ရူးချောင်ချောင် ဖြစ်နေပြီလားမသိဘူး။ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်အစီအစဉ်တော့ရှိနေလိမ့်မယ်။ အားလုံးရဲ့အန္တရာယ်ကြားမှာ သူ့ကို လျှော့တွက်နေကြတယ်နော်”
UK လို နိုင်ငံကြီး တစ်နိုင်ငံရဲ့ ဝန်ကြီးချုပ် ထိပ် တန်းလက်ထောက်တစ်ဦးရဲ့အမြင်နဲ့ဝေဖန်မှုကိုအလေးအနက်ထား စဉ်းစားသင့်ကြပါတယ်။ အတွေ့ အကြုံတွေအများကြီးထဲက ထုတ်နုတ်ပြီးမှပေးတဲ့မှတ်ချက်ပါ။ Gardiner က လောလော ဆယ်ဝါရှင်တန်မှာ နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။
ဂျပန်ပစ်မှတ်ဖြစ်လာပြီလား
ဂျပန်ဆိုတာ အမေရိကန်နဲ့ အလွန့်အလွန်ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံဖြစ်တဲ့အပြင်မဟာမိတ်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဆက်ဆံရေးအလွန်ကောင်းပြီး ရပ်တည် ချက်တွေ တူညီကြတယ်။ အမေရိကန် ဘာလုပ်လုပ် ဂျပန်က အမြဲထောက်ခံပေးနေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဂျပန်နဲ့ ပတ်သက်ပြီးထရမ့်က ဘာပြောလာသလဲဆိုတော့ –
“ဂျပန်ကို ကျွန်တော်တို့က အကာအကွယ်တွေ အများကြီးပေးခဲ့တယ်။ ဒါပေမဲ့ဂျပန်က ကျွန်တော်တို့ကို အကာအကွယ် မပေးခဲ့ဘူး” ဘယ်နေရာမှာ ဂျပန်ကို ထရမ့်က မကျေမနပ်မြင်မိလဲ မသိပါဘူး။ ဂျပန်၊ တောင်ကိုရီးယားဟာ ကပ်လျက် နိုင်ငံတွေဖြစ်ကြပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လို့ အမြဲတမ်းစိုးရိမ်မကင်းနဲ့နေထိုင်ကြရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားကိုသာ ထရမ့်အနေနဲ့ စစ်ရေးအကူအညီမပေးဘူး(သို့) လျှော့ချလိုက်မယ်ဆိုရင် ဒေသတွင်းပထဝီနိုင်ငံရေးချိန်ခွင်လျှာအတော်စောင်းသွားမှာ ဖြစ်ပါတယ်။ ဂျပန်ကို ထရမ့်က အပြစ်မြင်ပြီဆိုတော့ တောင်ကိုရီးယားအနေနဲ့လည်း သူ့အလှည့် ဘယ်တော့ရောက်လာမလဲလို့ တွေးမိမှာ အမှန်ပါ။
ရုရှားဘက်လည်း လှည့်လာပြန်ပြီ
၂၀၂၅ မတ် ၇ ရက်မှာတော့ ထရမ့်က ရုရှားနဲ့ ပတ် သက်ပြီး ပေါက်ကွဲအားပြင်းထန်တဲ့ သတိပေးသံလိုလို၊ ခြိမ်းခြောက်သံလိုလို ပြောလိုက်တာတွေ့ရတယ်။ ဘယ်လိုလဲဆိုတော့-
“ဒီရက်ပိုင်းတွေမှာ ရုရှားက ယူကရိမ်းကို အကြီး အကျယ် ဝုန်းနေတယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ယူကရိမ်းနဲ့ ရုရှားတို့မရောက်မလာမချင်း ရုရှားကို အလွန်ကြီးမားတဲ့အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့စဉ်းစားနေတယ်”
ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို သူဖြစ်စေချင်တာ အတင်းတွန်းနေသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ပူတင် က ကျောင်းသားလေးတစ်ဦး မဟုတ်ပါဘူး။ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာပါမောက္ခတစ်ဦးဖြစ်နေတာကို ထရမ့် မေ့နေဟန်ရှိပါတယ်။ ယူကရိမ်း စစ်ဖြစ်ကတည်းက ရုရှားကို အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့တာ သုံးနှစ်ရှိခဲ့ပါပြီ။ စစ်ဆက်တိုက်နေဆဲပါ။အခုမှထရမ့်က Sanction ကို ပိုလုပ်လည်း ရုရှားအတွက် သိပ်ထူးလှတော့မယ်မထင်ပါဘူး။
အပစ်ရပ်ရေးမတိုင်မီကြားကာလမှာ ယူကရိမ်းနယ်မြေရသလောက် ပိုသိမ်းနိုင်ရေး၊ ယူကရိမ်း စစ်အင်အားနည်းနိုင်သမျှ နည်းအောင်ချေမှုန်းထားနိုင်ရေးက ရုရှားအတွက် ပိုပြီးအရေးပါတာကို ဗလာဒီမာ ပူတင်မသိမရှိပါဘူး။ လောလော ဆယ်မှာ ယူကရိမ်းဘက်က အတော့်ကို အားနည်းသွားတာအမှန်ပါပဲ။ အထောက်အပံ့တွေကလဲ EU ဘက်က နှုတ်ကတိတွေသာရပြီး လက်တွေ့ မည်မည်ရရ အမေရိကန်လိုဖြစ်မလာသေးပါဘူး။ “ခြောက်”လ အတွင်း အထောက်အပံ့ကောင်းကိုသာ ယူကရိမ်းမရခဲ့ရင် လက်ရှိရင်ဆိုင်ထားတဲ့ရှေ့တန်းစစ်မျက်နှာ ပြိုဆင်းသွားပြီး ယူကရိမ်းနယ်မြေ ဘယ်လောက်အထိ ရုရှားဆီကို ထပ်ပါသွားနိုင်တယ်ဆိုတဲ့ပုံနဲ့တွက်ချက်မှုတွေလည်းထွက်လာခဲ့တာတွေ့ရတယ်။
ဟိုလိုလို၊ ဒီလိုလိုနဲ့ ယူကရိမ်းအတွက် စစ်ရေးအထောက်အပံ့တွေ မရေမရာဖြစ်နေချိန်ပိုကြာလေ ရုရှားဘက်က ပိုပြီး သဘောကျလေဖြစ်မှာ သေချာ ပါတယ်။ စီးပွားရေးအရ အရေးယူပိတ်ဆို့တာလောက်ကိုတော့ ပူတင်က အလေးထားတော့မှာ မဟုတ်တော့ပါဘူး။
မြို့တော်ကိယက်ဝန်းကြီးကို ရုရှားက အကြီး အကျယ်တိုက်ခိုက်နေပါပြီ။ ပြီးတော့ ကမ်းရိုး တန်းဘက်အရေးပါတဲ့ အိုဒက်ဆာကိုလည်း ခါတိုင်းထက် ပြင်းပြင်းထန်ထန် ပိုတိုက်လာတာ တွေ့ရတယ်။ အကယ်၍ အိုဒက်ဆာသာ ရုရှားဘက်ကိုပါသွားမယ်ဆိုရင်ယူကရိမ်းဘက်က အကြီး အကျယ် နစ်နာသွားရပါတော့မယ်။ ကမ်းရိုးတန်းတစ်လျှောက် အပိတ်ခံရပြီး ရုရှားလက်ခုပ်ထဲကရေဘဝကို ချက်ချင်းရောက်သွားရပါလိမ့်မယ်။
တရုတ်က “ပါးကိုက်ရင် နားပြန်ကိုက်မယ်”
ဒီရက်ပိုင်း အတော် “Hot”သွားတဲ့ သတင်းတစ်ခုကတော့ ထရမ့်နဲ့ တရုတ်တို့ ထိပ်တိုက်တွေ့တဲ့ကိစ္စပဲဖြစ်တယ်။ Canada, Mexico ဘက်ကို အခွန် ၂၅ ရာခိုင်နှုန်းထရမ့်က တိုးမြှင့်ထားတယ်။ တရုတ်ကိုတော့ သွေးတိုး စမ်းတဲ့အနေနဲ့ ရာခိုင် နှုန်း ၁ဝ ပဲ တိုးထားတာတွေ့ရတယ်။ တရုတ်ကလဲ ထရမ့်ကို လယ် ယာထွက်ကုန်တွေအပေါ် ရာခိုင်နှုန်း ၁ဝ ပြန်တိုးထားတယ်။ ဒါပေမဲ့ Fentanyl သင်္ဘောဖမ်းမိတယ်ဆိုတာကြောင့် ထရမ့်က တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်ကို ရာခိုင်နှုန်း ၁ဝ ကနေ နှစ်ဆ တိုးလိုက်တယ်။
တရုတ်ဘက်ကဒီတစ်ကြိမ်တုံ့ပြန်တာ၊ အတော်ကြမ်း၊ ပြတ်သားလှတာတွေ့ရတယ်။
“ကုန်သွယ်စစ်အပါအဝင် ဘယ်လိုသော စစ်ပွဲမျိုးကိုမဆို အဆုံးထိ ရင်ဆိုင်တိုက်ခိုက်သွားဖို့ တရုတ်ဘက်က အသင့်ပြင်ထားတယ်” ရုတ်တရက် ထုတ်ပြောလိုက်တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း “တရုတ်နဲ့ရင်ဆိုင်ဖို့အမေရိကန်ဘက်ကလည်းပြင်ဆင်ထားပြီးဖြစ်တယ်”လို့ တုံ့ပြန်ပြီး ငြိမ်ကျသွားတာတွေ့ရတယ်။ ပြင်သစ်၊ ယူကေကိစ္စတွေလို အမေရိကန်ဘက်က “ဖြစ်ကြောရှည်မပြ”တာ ထူးဆန်းနေပါတယ်။ Fentanyl ကိစ္စနဲ့ ပတ်သက်လို့လည်း တရုတ်ဘက်က ပြောတာက“နှစ်ဖက်မျှတတဲ့ စစ်ဆေးမှု လုပ်ဖို့လိုအပ်တယ်။ တစ်ဖက်သတ်စစ်ဆေးပြီးစွပ်စွဲတာမျိုးကိုတော့ လက်ခံစရာမရှိဘူး”လို့တုံ့ပြန်ခဲ့တာတွေ့ရတယ်။
တစ်ချိန်က တရုတ်က အင်အားမပြည့်သေးခင်မှာ Panda Diplomacy ကျင့်သုံးခဲ့တယ်။ အင်အားပြည့်ဝပြီလို့ ယူဆလာတဲ့အတွက်ကြောင့် Wolf Warrior Diplomacy ကို ပြောင်းလဲကျင့်သုံးခဲ့တယ်။
“ကြိုက်တဲ့ပုံစံ စစ်ပွဲမျိုးလာခဲ့။ ရင်ဆိုင်တုံ့ပြန်ဖို့အသင့်ရှိတယ်”ဆိုတာ Wolf Warrior Diplomacy နဲ့တုံ့ပြန်မှုဖြစ်ပါတယ်။
“Xi” က ထရမ့်ရဲ့အောက်ဖဲကို သိထားလို့လား၊ ဒါမှမဟုတ် ဘာအောက်ဖဲဖြစ်ပစေ၊ ငါ့မှာဂျိုကာရှိတယ် ဆိုတဲ့သဘောလား ဆိုတာကိုတော့ ကာယကံရှင်တွေပဲသိကြပါလိမ့်မယ်။
ဥရောပနဲ့အမေရိကန်တော့ကွဲကြပြီ
တစ်ချိန်က အနောက်ကမ္ဘာကြီး တစ်ခုလုံးကို အမေရိကန်က ဦးဆောင်ခဲ့ပြီး အရှေ့ကမ္ဘာကြီးကို ဆိုဗီယက်က ဦးဆောင်ခဲ့တယ်။ ၁၉၈၉ မှာ ဆိုဗီယက်ပြိုကွဲပြီး အရှေ့ကမ္ဘာကြီးဟာ ကစဉ့်ကလျားဖြစ်သွားတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အပြီးမှာတော့ အရှေ့ကမ္ဘာကို ရုရှားက လက်နက်နဲ့ ပြန်ဦးဆောင်လာပြီး တရုတ်က စီးပွားရေးမျက်နှာစာဘက်ကနေ ပြန်ဦးဆောင်လာ
နိုင်ခဲ့တာ တွေ့ရတယ်။
အမေရိကန်သမ္မတအဆက်ဆက် Joe Biden အထိ NATO ကိုရော၊ အနောက်ဥရောပကြီးတစ်ခုလုံးကိုရော အမေရိကန်က ဆက်လက်ဦးဆောင်မှ ပေးနေခဲ့ပါသေးတယ်။ ဒါပေမဲ့ ထရမ့် လက်ထက်တစ်လသားမှာ အနောက်ကမ္ဘာကြီးဟာ အခင်းအကျင်းလုံးဝ ပြောင်းသွားခဲ့တာ မထင်မှတ်ပဲတွေ့လိုက်ရပါတော့တယ်။ New World Order ဆိုတဲ့ ကမ္ဘာ့အခင်းအကျင်းသစ်ကို အမေရိကန်ကပဲ ဦးဆောင်ပြီး ပုံသဏ္ဌာန်စိတ်ကြိုက် ပြောင်းခဲ့ပေမယ့် ထရမ့်လက်ထက်မှာ အမေရိကန်အပါအဝင် အနောက်အုပ်စု West World Order အပြောင်းအလဲကြီးကြီးမားမားဖြစ်သွားခဲ့ပါတယ်။ ကိုယ့်အတတ် ကိုယ်စူးသွားတာလား၊ သက်သက်ပဲ သိသိကြီးနဲ့ ဖန်တီးလိုက်တာလားကိုတော့ ထရမ့်ပဲ သိပါလိမ့်မယ်။
အနောက်အုပ်စုတစ်ခုလုံး အကြီးစား ငလျင်ကြီးတွေ ဆက်တိုက်လှုပ်ခတ်သွားပါတယ်။
NATO က နုတ်ထွက်မယ်။
EU နဲ့သီးခြားနေမယ်။
နှလုံးသားတွေဆီကိုတိုက်ရိုက် မှန်သွားတဲ့မြားချက်တွေဆိုတော့ အနောက်ကမ္ဘာကြီးမကွဲဘယ်ခံနိုင်ပါတော့မလဲ။ တစ်ခါတည်း အနောက်ကမ္ဘာက အမေရိကန်ကို The enemy of the west” တွေ ဖြစ်လာကြရော၊ UK, France, Germany တို့က ဆွေ့ဆွေ့ခုန်ကုန်ကြတယ်။
ပြင်သစ်ကဆိုရင် “ဥရောပဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရတော့မယ်။ အမေရိကန်ကို မတောင့်တကြနဲ့တော့၊ ပြင်သစ်ရဲ့ မစ်ဇိုင်းစနစ်နဲ့ အနောက်ဥရောပကြီးတစ်ခုလုံးကို အကာအကွယ်ပေးသွားမယ်”
UK ဝန်ကြီးချုပ် Starmer က
“အမေရိကန်ကတော့ သစ္စာဖောက်သွားပြီ။ အနောက်ကမ္ဘာတစ်ခုလုံးစည်းရုံးပြီး စုပေါင်းအုပ်ဖွဲ့ကြီးကို ဖွဲ့စည်းကြမယ်”စသဖြင့် “ညာသံ”ပေးလာကြတာတွေ့ရတယ်။
အသစ်တက်လာတဲ့ ဂျာမန် ခေါင်းဆောင် Merz ကလည်း အရင် ခေါင်းဆောင်ဟောင်းလို မဟုတ်ဘူး။
“အနောက်ဥရောပတစ်ခုလုံး ကာကွယ်ရေးအသုံးစရိတ်တွေမြှင့်တင်ကြပါ။ ဂျာမန်အနေနဲ့လည်း ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ နေရာတစ်ခုကို ပြန်ယူရလိမ့်မယ်”
အမေရိကန်နဲ့ အနောက်အုပ်စုတို့ အကြား အကွဲ အပြဲက တော်တော့်ကို သိသာသွားခဲ့ပါပြီ။ အဲ့ဒီလိုကြားက ထရမ့်က ထပ်ပြီးပြောလိုက်တာက –
“အစ္စရေးမှာ Iron Doneဆိုတာရှိတယ်။ အမေရိကန်မှာလဲ Golden Dome ဆိုတဲ့ စနစ်ထားရမယ်။ Golden Dome က အမေရိကန်တစ်နိုင်ငံလုံးကို အကာအကွယ်ပေးသွားမှာပါ။”
ထရမ့်ပြောတဲ့အထဲမှာ အမေရိကန်တစ်နိုင်ငံတည်းအတွက်သာ ပါဝင်ပြီး အနောက်အုပ်စုကို လုံးဝထည့်မပြော သွားတာတွေ့ရပါလိမ့်မယ်။ ထရမ့်ထပ်ပြောလိုက်တာက-
“ယူကရိမ်းက ခင်ဗျားတို့ရဲ့ အိမ်နီးချင်းလေ။ အမေရိကန်က ရေခြား၊ မြေခြားတယ်။ ယူကရိမ်းကိစ္စမှာ ခင်ဗျားတို့က ပိုပြီး တာဝန်ယူသင့်တာပေါ့”
“NATO စစ်အသုံးစရိတ်ကို အမေရိကန်က မကျခံနိုင်တော့ဘူး။ ကာကွယ်ရေးအသုံးစရိတ်ကို GDP ငါးရာခိုင်နှုန်းအထိ မြှင့်ကြပါ။ မဟုတ်ရင် အမေရိကန် နုတ်ထွက်မယ်”
“EUနဲ့ အမေရိကန်ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က ကုန်သွယ်လိုငွေ $ 300 Billion ပြခဲ့တယ်။ ဒါဟာလက်ခံနိုင်စရာမရှိဘူး”
ယူကရိမ်းစစ်ကို ဘိုင်ဒင်စတင်ခဲ့ပြီး အဆုံးမသတ်သွားခဲ့ဘူး။ ထရမ့်လက်ထက်မှာ အလွန်မြန်ဆန်တို တောင်းတဲ့ ကာလလေးမှာ အနောက်ကမ္ဘာ တစ်ခုလုံး သွက်သွက်ခါရမ်းသွားခဲ့ပါတယ်။
ထရမ့် ဘာဆက်လုပ်မှာလဲ
ထရမ့်ဟာသာမန်ထက်အများကြီး ပိုထူးခြားသူဆိုတာကတော့ အမှန်ပါပဲ။ Executive Order ဆိုတဲ့ သမ္မတ လက်မှတ်ထိုးထုတ်ပြန်တဲ့ အထူးအမိန့်ပေါင်း တစ်လကျော်အတွင်း ၄ဝဝ လောက်ထိရှိခဲ့တာကလဲ တကယ့်ပြောစမှတ် အလွန်များပြားလှတဲ့ အရေ အတွက် ဖြစ်ပါတယ်။
နောက်ထူးခြားတာက တစ်လောကလုံးနဲ့ တစ်ယောက် ဖြစ်နေတာပါပဲ။ ဂျပန်လိုအေးဆေးတဲ့ နိုင်ငံမျိုးကိုတောင် အပြစ်မြင်လာပြီဆိုလေတော့ တစ် လောကလုံးနဲ့ တစ်ယောက်ဖြစ်တာက မဆန်းလှတော့ပါဘူး။ ကမ္ဘာ့နိုင်ငံတွေအကြားမှာ ထရမ့်ကြောင့်အမေရိကန်ဟာ“သိုးမည်း” ဖြစ်မှန်း မသိဖြစ်သွားခဲ့ပြီ။ ကမ္ဘာ့နိုင်ငံ အသီးသီးဟာလဲ သူတို့အချင်းချင်းအကြား ပြဿနာထပ်ဖြစ်ပြန်တာတွေ့ရတယ်။ ဥပမာဆိုရင် EU Statement တစ်ခုကို ထုတ်ပြန်ဖို့ရှိရာမှာ ဟန်ဂေရီက သဘောမတူလို့မထုတ်ပြန်နိုင်ပဲ တစ်ပတ်နောက်ရွှေ့လိုက်ရတာမျိုး၊ ကာကွယ်ရေးအသုံးစရိတ်ကို အမြင့်ဆုံးတိုးချင်သူနဲ့ အနိမ့်ဆုံးလောက်ထားချင်သူတွေကွဲပြားလာတာမျိုး။
ထရမ့်ကြောင့် အမေရိကန်နဲ့ အနောက်ကမ္ဘာ ” ချင်း စိမ်းနဲ့မိဿလင်” ဖြစ်သွားခဲ့တာအပြင် အနောက်အုပ်စုထဲမှာကိုပဲ ထပ်ပြီး ကွဲကြ၊ ပြဲကြတာတွေရှိလာခဲ့တယ်။ ဒါကြောင့် Nile Gardiner က “အားလုံးအန္တရာယ်ဖြစ်မယ့်အကြားမှာ သူ့ကိုလျှော့တွက်ကြတယ်လို့” ပြောခဲ့ဟန်တူတယ်။ ထရမ့်ဟာ နိုင်ငံတကာအကြားမှာ အက်ကွဲကြောင်းတွေဖြစ်စေတဲ့အပြင် အီရန်လိုနိုင်ငံမျိုးက အခွင့်သာရင် ထရမ့်ကို လုပ်ကြံကြမှာ အသေအချာပါပဲ။
ဒါတင်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ ထရမ့်ဟာ ပြည်တွင်းမှာလဲ Republicanနဲ့ ဒီမိုကရက်တွေအကြား လုံးဝရန်သူအဖြစ် ခွဲထုတ်လိုက်သူဖြစ်လာပြန်ပါတယ်။ လွှတ်တော်မှာပြောတဲ့ သူ့မိန့်ခွန်းမှာ “ကျွန်တော်ဒီမိုကရက်တွေ စိတ်ချမ်း သာအောင်ဘာမှလုပ်မပေးနိုင်ပါဘူး”လို့ ရိသဲ့သဲ့ပြောခဲ့တာ တွေ့ရတယ်။ လွှတ်တော်ထဲမှာ “Musk Steals” ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြတာမျိုးကလဲ အမေရိကန်သမိုင်းမှာ ရှားရှားပါးပါး ဖြစ်စဉ်တစ်ခုဖြစ်လာပါတယ်။
USAID. Federal Worker, CA, FBl, Pentagon အပါအဝင်များစွာသော ဌာနတွေ၊ အေဂျင်စီတွေကိုလဲ ရက်ရက်စက်စက်စစ်ဆေးပြီး အလုပ်ဖြုတ်ခဲ့တဲ့အတွက် အလွန်ရန်များအောင်လဲ ဖန်တီးနိုင်ခဲ့တာတွေ့ရတယ်။ အလွန်ထူးခြားတာတစ်ခုက “ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းမည့် အစီအစဉ်ပါပဲ” ထရမ့်ရဲ့အကြောင်းပြချက်ကတော့ ငွေပိုသုံးပေးခဲ့ပေမည်။ အမေရိကန်ရဲ့ ပညာရေးစနစ်က မျှော်လင့်သလို ဖြစ်မလာတာကြောင့်လို့ ဆိုပါတယ်။ပညာရေးဝန်ကြီးဌာန မရှိတဲ့နိုင်ငံ ဖြစ်လာတော့မှာကတော့အတော့်ကို အံ့သြစရာပါ။
တချို့လုပ်ရပ်တွေမှာတော့ ထရမ့်ဟာ မှန် ကန်နေသလိုရှိတာတွေ့ရပေမယ့် အများစုကတော့ မေးခွန်း ထုတ်စရာတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် ထရမ့်ရဲ့ American First ဟာ အစစ် အမှန်လား၊ ဒါမှမဟုတ် “အမေရိကန်ပထမ”ဆိုတာကို မျက်နှာဖုံးစွပ်ပြီး နောက်ကွယ်မှာ Hidden Agenda တွေရှိထားသလား ဆိုတာကတော့ ထရမ့်ဆိုတဲ့ ကာယကံရှင်ပဲသိပါလိမ့်မယ်၊ ဘယ်လိုပဲပြောပြော အနောက်ကမ္ဘာကြီးကတော့ ဝါးအစည်းပြေသွားခဲ့ပါလေပြီ။
#PAN