ဒန့်ဒလွန်ရွက်က ရတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးများ

(ကျန်းမာရေး) မတ် ၂၅

     ဒီနေ့ PAN ပရိတ်သတ်များအတွက် ကျန်းမာ ရေး ဗဟုသုတရစေဖို့ ကျန်းမာရေးကဏ္ဍကနေ ဒန့်ဒလွန်ရွက်က ရတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဒန့်သလွန်ရွက် ဆိုတာ

       ဒန့်သလွန်ရွက် ဆိုတာက တောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့် သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။

      ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီး ကြွတ်ဆတ်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒန့် သလွန်ရွက်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိ သင်ရှိသလို ရောဂါပိုးတွေကိုလည်း တိုက်ဖျက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ရောင်ရမ်းမှုကို လျော့ပါးစေနိုင်စွမ်းလည်း ရှိပါတယ်။

ဒန့်သလွန်ရွက်မှာ ဘာအာဟာရဓာတ်တွေပါသလဲ

       ဒန့်သလွန်ရွက် နဲ့ ဒန့်သလွန်သီးတို့မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့် သလွန်ရွက်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သ လွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။

ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်သလဲ

      ဒန့်သလွန်ရွက်က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

၁ ။    အမိုင်နိုအက်ဆစ် ။ ဒန့်သလွန်ရွက်မှာ ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက် အကူပြုပေးပါတယ်။

၂ ။    ရောင်ရမ်းမှုမဖြစ်အောင်လုပ်ဆောင်ပေးနိုင်ခြင်း ။ ဒန့်သလွန်ရွက်မှာ သံဓါတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။

၃ ။   နို့ထွက်စေခြင်း ။ နို့တိုက်မိခင်တွေမှာ နို့ ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကိုရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သ လွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။

၄ ။   ကိုလက်စထရော ။ ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓာကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

၅ ။   ဆီးချို ။ ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုး ကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်မပါဘဲ ခန္ဓါကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်ကသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးဖက် ဝင်အပင်တစ်မျိုးပါ။

၆ ။   ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလိုအသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေး ချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။

၇ ။   ဆံပင်သန်စွမ်းစေခြင်း ။ ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင် B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာသွေးလည် ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။

၈ ။   အာရုံကြောစနစ် ။ ဒန့်သလွန်ရွက်က အာရုံ ကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သ လွန်ရွက်ကခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင် ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦး နှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုး တက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။

၉ ။   အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ။ ဒန့် သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေက အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

၁၀။   အဆိပ်ပြေစေခြင်း ။ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီးသွေးသန့်စေပါတယ်။

၁၁။   စွမ်းအင်ပြည့်ဝစေခြင်း ။ ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓာကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။

၁၂။    ဝက်ခြံ နဲ့ ဆားဝက်ခြံတွေကိုသက်သာစေခြင်း ။ ဒန့်သလွန်ရွက်က အရေပြားကအဆိပ် အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကို ကြည်လင်စေပြီး ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။

၁၃။   ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်ခြင်း ။ ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေ ပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလိုသွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူး စက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

၁၄။   အသည်းကျန်းမာစေခြင်း ။ ဒန့်သလွန်ရွက်မှာpolyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၅။  အရိုးကျန်းမာသန်စွမ်းစေခြင်း ။ ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်ကရောင်ရမ်းမှုကို လျော့ ကျစေတာကြောင့် အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

၁၆။   ကျောက်တည်တာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးခြင်း ။ ဒန့်သလွန်ရွက်ကကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိသလို Endogenous Oxalate Synthesis ကိုထိန်းချုပ်ရာမှာလည်း အထောက် အကူပြုပါတယ်။

၁၇။    ကျောက်ကပ်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း ။ ဒန့်သလွန်ရွက် အဆီအနှစ်ကဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ Nephroprotectiveကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။Nephroprotective က ထိရောက်တဲ့ Bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်တွင်းက အဆိပ် အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

၁၈။    သန္ဓေတားပေးနိုင်စွမ်းရှိခြင်း ။ ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီ အနှစ်ကိုဟော်မုန်းပျက်စီးစေမှု ( Estrogenic Activity) လုပ်ဆောင်ရာမှာ အသုံး ပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။

၁၉။    သွေးတိုးကျစေခြင်း ။ ဒန့်သလွန်ကသွေး ပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။Isothiocyanate နဲ့ Niaziminin တို့လိုမျိုး Bioactive ပစ္စည်းတွေက သွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (Pulmonary Hypertension)ဖြစ်ပေါ်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့ Hypocholestero -lemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့သွေးတွင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

၂၀။    မျက်လုံးကျန်းမာစေခြင်း ။ ဓါတ်တိုးဆန့် ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက် ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက် သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။

၂၁။    သွေးအားနည်းရောဂါကို သက်သာစေခြင်း ။ ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်ရဲ့သံဓါတ်စုပ်ယူမှုကိုကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလိုသွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ

      ဒန့်သလွန်ရွက် ကျန်းမာရေးအတွက် အကျိုး ကျေးဇူးအများအပြားရရှိစေသလို ဘေးထွက်ဆိုးကျိုးများလည်း ရှိနေတာကို သတိပြုရပါမယ်။ ဘေးထွက်ဆိုးကျိုးနွေကတော့ –

၁။    ဒန့်သလွန်မှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်း သတ္တိရှိတာကြောင့် ဗိုက်နာစေသလို Igaseous Distension၊ ဝမ်းလျှောတာနဲ့ ရင်ပူတာတွေကိုဖြစ်ပေးစေပါတယ်။

၂။    ဒန့်သလွန်ရွက်ကိုအလွန်အကျွံစားသုံးပါက မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

၃။    ဒန့်သလွန်ရဲ့ အမြစ်၊အပွင့်နဲ့အခက်တွေမှာပါတဲ့ ဓါတုဓါတ်ပေါင်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သားအိမ်ကျုံ့တာကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုတိုးစေပါတယ်။

၄။    ဒန့်သလွန်မှာပါတဲ့ အချို့ဓါတ်တွေကမွေး ကင်းစ ကလေးငယ်တွေအတွက် မသင့်တော်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ဆင်ခြင်စားသုံးသင့်ပါတယ်။

၅။    သွေးကြဲဆေးသောက်သုံးနေရသူတွေအနေနဲ့လည်း ဒန့်သလွန်ရွက်ကိုမစားသင့်ပါဘူး။

၆။    ကိုယ်ခံအားဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ဒန့်သလွန်စေ့အဆီကို မစားသုံးသင့်ပါဘူး။

       ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကို မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
(Crd; Hello Sayarwon)

#PAN