
(ဆောင်းပါးကဏ္ဍ) မတ် ၂၃
နေဇင်လတ်
ဒုတိယကမ္ဘာစစ်နောက်ပိုင်းအသေအပျောက်အများဆုံး၊ ဆုံးရှုံးမှုအများဆုံး၊ ကမ္ဘာကြီးကို ရိုက်ခတ်မှုအများဆုံးဟာ ယူကရိမ်းစစ်ပဲ ဖြစ်ပါတယ်။ အမှန်တကယ်ယူကရိမ်းစစ်စတင်ခဲ့တာ ၂၀၁၄ ခုနှစ်က ဖြစ်တယ်။ ဂျာမနီက အဓိက ဝင် ရောက်ဖျန်ဖြေပေးမှုနဲ့ ပြီးဆုံးသွားခဲ့ပေမယ့် ခရိုင်းမီးယားကတော့ ရုရှားနယ်မြေထဲပါသွားခဲ့တယ်။
သမ္မတ Biden လက်ထက် ယူကရိမ်းကို NATO ထဲအသင်းဝင်အဖြစ် ထည့်သွင်းဖို့ လုပ်ရင်းက February, 2022 မှာ တစ်ကျော့ပြန်စစ် ဖြစ်လာတဲ့အတွက် အခုဆိုရင်သုံးနှစ်စွန်းသွားခဲ့ပါပြီ။ Biden လက်ထက်မှာ ယူကရိမ်းစစ်ကို ပြတ် ပြတ်သားသားဖြစ်အောင် တစ်ခုခုလုပ်မသွားနိုင်ခဲ့တာ တွေ့ရတယ်။ လောလောဆယ် Trump သမ္မတဖြစ်လာပြီ။ သမ္မတမဖြစ်ခင်ကတည်က ယူကရိမ်းစစ်ကိုရပ်တန့်နိုင်သူဟာ သူတစ်ဦးတည်း ရှိပါတယ်လို့ ကြွေးကြော်ခဲ့ပြီး သမ္မတဖြစ်လာတဲ့အခါမှာ ရက်ပေါင်း ၉ဝ အတွင်း စစ် ပြေငြိမ်းရေးပြီးစီးအောင်လုပ်မယ်ဆိုပြီး ကြိုးစားနေလေရဲ့။
ထဲထဲဝင်ဝင်လုပ်ကိုင်လိုက်တဲ့ အခါကျမှ အပေါ်ယံမြင်တာထက် အများကြီးပိုခက်ခဲနေတယ်ဆိုတာကို Trump တွေ့သွားဟန်ရှိတယ်။ နောက်ဆုံး အင်တာဗျူးမှာ ဖြေသွားတာက-
“ယူကရိမ်းစစ်ဟာ မြန်မြန်ထက်ထက်လဲပြီးသွားနိုင်သလို၊ လုံးဝအလုပ် မဖြစ်တော့တာလဲ ဖြစ်သွားနိုင်တယ်”
ဇလန်စကီးကတော့ အရူးမီးဝိုင်း၊ မယ်ပဋာမြေလူးဖြစ်ခဲ့ရပါပြီ။
အိမ်ဖြူတော်ကရုပ်ပျက်တဲ့စကားရည်လုပွဲ

၂၈-၂-၂၅ နေ့မှာ အိမ်ဖြူတော်ကို ဇလန်စကီးရောက်လာခဲ့တယ်။ နှစ်ဖက်အစိုးရအဖွဲ့တွေ ဆွေး နွေးကြတယ်။ သတင်းသမားတွေလဲရုပ်သံရိုက်၊ ဆွေးနွေးပွဲအပြီး အင်တာဗျူးလုပ်ပေါ့။ ပြီးတော့ နှစ်ဖက်သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီး စီစဉ်ထားကြရာမှာ၊ ဆွေးနွေးပွဲတင်းမာလွန်းခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ကြပါတယ်။ ဆွေးနွေးပွဲ တစ်ပိုင်းတစ်စရဲ့ ရုပ်သံကိုကြည့်လိုက်ရာမှာ အစိုးရနှစ်ရပ်ဆွေးနွေးပွဲနဲ့မတူပဲ “စကားနိုင်လု”၊ “အပြစ်ဖို့” အခြေအနေကိုရောက်သွားပြီး အတော်လေးရုပ်ပျက်သွားတာကို တွေ့လိုက်ရပါတယ်။
“မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်ငြိ” ဆိုသလိုစိတ်အခံတွေက ပင်ကိုရှိထားကြလေတော့စကား ပြောကြရာမှာ “အကျကောက်”တာတွေကစပြီး အမြင့်ဆုံး Heat တက်သွားကြတယ်လို့ ပြောရလိမ့်မယ်။
ဒုတိယသမ္မတ JD, Vance နဲ့ ဇလန်စကီးပြောရာမှာ အားမာန်ပါ သွားတဲ့ Vance ကို ဇလန်စကီးက အသံ ကျယ်နဲ့မပြောဖို့ ပြောရင်းက Heat စတက်ခဲ့တာပါ။Vance က ဇလန်စကီးကို “Diplomacy” မသုံးခဲ့ဘူးလို့ပြောတယ်။ ဇလန်စကီးကလည်း ကြက်ခေါင်းဆိတ်မခံပဲပြန်ပြောတယ်။ ဇလန်စကီးပြောလိုက်တဲ့ စကားကိုးခွန်းက နိုင်ငံတကာ နိုင်ငံရေးလောကမှာ သမိုင်းတွင်သွားခဲ့တယ်။
“What kind of diplomacy, JD, are you speaking about'”
“ဘယ်လိုသော သံတမန်ရေးရာကို ခင်ဗျား ပြောနေတာလဲ” လို့ ပြန်မေးလိုက်တာပါ။ ပြီးတော့သူက ဆက်ပြီရှင်းတယ်။ ရုရှားဘက်က သဘော တူညီချက်တွေကိုချိုးဖောက်ခဲ့တာ၊ အကျဉ်းသားလဲလှယ်ရေး ကိစ္စတွေကို ရုရှားဘက်က မလိုက်နာခဲ့တာ စသဖြင့်ပေါ့။
ဇလန်စကီးနဲ့ ဒုတိယသမ္မတတို့ အခြေအတင်ပြီးတော့ ထရမ့်နဲ့ ဇလန်စကီးတို့ အခြေအတင်က ကတောက်ကဆဖြစ်မှုရဲ့ အမြင့်ဆုံးပိုင်းကိုရောက်
သွားခဲ့ပါတော့တယ်။ ထရမ့်က စကားလုံး ခပ်ကြမ်းကြမ်းတွေကို သုံးလာတဲ့အထိပါ။
“You’ve no card”
မင်းမှာ အဲ့ဒီအခွင့်အရေး မရှိဘူး။
You are not in the position စသဖြင့်
ကျောင်းသားငယ်ကို ကျောင်းအုပ်ကြီး တစ်ဦးက ဆူငေါက်နေတဲ့ မြင်ကွင်းဖြစ်လာခဲ့တယ်။
“မင်းနိုင်ငံရေး သိပ်ကစားလွန်းတယ်။ တတိယကမ္ဘာစစ်ဖြစ်အောင် မင်းကစားနေတာ” စသဖြင့် ထရမ့်က သူရင်ထဲမှာ ရှိတာကို အတား အဆီးမရှိ ဖွင့်ထုတ်လိုက်ပါတယ်။
ဘာရလဒ်မှ မထွက်တဲ့ ထိပ်သီးနှစ်ဦးတွေ့ဆုံပွဲဖြစ်သွားပြီး အမုန်းတရားတွေ ပိုမြင့်တက်စေတာကိုသာ တွေ့လိုက်ရတယ်။ ဖလန်စကီး အိမ်ဖြူတော်အဝင်မှာ ထရမ့်က ထွက်ကြိုပေးခဲ့ပေမယ့်အပြန်ခရီးမှာလိုက်တောင် မပို့တော့တဲ့အထိရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ တွေ့ဆုံပွဲ ဖြစ်သွားခဲ့ပါတယ်။
ဝါရှင်တန်မှ လန်ဒန်သို့

ဝါရှင်တန်မှာ အဆင်မပြေခဲ့တဲ့ ဇလန်စကီးဟာ လန်ဒန်ကို ခရီးဆက်ခဲ့တယ်။ လန်ဒန်မှာတော့ မြင် ကွင်းက လုံးဝပြောင်းသွားပါတယ်။ အမှတ်(၁၀)ဒေါင်းနင်းလမ်းမကြီးမှာရှိတဲ့ UK ဝန်ကြီးချုပ် ရုံးခန်းအပြင်ကနေ Starmer က ဇလန်းစကီးကို ကြိုဆိုပေးခဲ့ပြီး ပြန်အထွက်အထိ နှစ်ဦးသားဖက်လဲတကင်းရှိတဲ့ဓာတ်ပုံတွေ ဖွယ်ဖွယ်ရာရာသတင်းတွေမှာ ပျံ့နှံ့ခဲ့တယ်။ ဘာတွေဆွေးနွေးခဲ့တယ်။ ဘယ်လိုရလဒ်တွေရခဲ့တယ်ဆိုတဲ့သတင်းတော့ ထွက်မလာသေး
ပါဘူး။
ထရမ့် ရွေးကောက်ပွဲကာလမှာ ကတည်းက ယူကေဝန်ချုပ် Starmer က Harris ဘက်က အကူအညီပေးခဲ့သူပါ။ ထရမ့်ကို သမ္မတဖြစ်မလာစေချင်သူလည်းဖြစ်ပါတယ်။ အဲ့ဒီအထဲက Trump နဲ့ Starmer တို့နှစ်ဦး “မတတ်သာလို့ဆက်ဆံကြရပေမယ့်” ရင်ထဲမှာကိုယ်စီ “ဆူး”တွေဝင်နေကြသူများဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရရော၊ ရပ်တည်ချက်တွေအရရော ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြသူတွေဖြစ်နေကြတယ်။
ယူကေဘုရင်ကြီးကို ထရမ့်က တွေ့ဆုံဖို့ရှိတယ်။ ဇလန်စကီးနဲ့ ထရမ့်တို့ ဆွေးနွေးပွဲ အဆင်မပြေဖြစ်ပြီး အပြောင်းအလဲတချို့ ဖြစ်လာခဲ့တယ်။ King Charles အနေနဲ့ ထရမ့်ကို မတွေ့သေးပဲ အချိန်အနည်းငယ် နောက်ဆုတ်ပေးဖို့၊ ယူကရိမ်းရဲ့လုံခြုံရေးအာမခံချက် ထရမ့်ဆီက ပီပီပြင်ပြင် ထွက်လာမှ တွေ့ဆုံဖို့စသဖြင့် ရာသီဥတုအပြောင်းအလဲ အနည်းငယ်ဖြစ်လာတာ တွေ့ရတယ်။ ထရမ့်ကလဲ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သူဖြစ်လို့ ဘာတွေ ဆက်ပြီး ဖြစ်ကြဦးမလဲ မသိပါ။ ထရမ့်ကို Starmer လာတွေ့စဉ်က King Charles ရဲ့ဖိတ် ကြားစာကို ယူလာခဲ့ပါတယ်။နောက်သလို၊ ပြောင်သလို၊ အတည်လိုလိုနဲ့ ထရမ့်ပြန်ပြောလိုက်တာက
“ဖိတ်ကြားစာအပေါ်မှာ လက်မှတ်ထိုးထားတာ ဘုရင်ကြီးလက်မှတ်အစစ်ဟုတ် – မဟုတ် စစ်ဆေးကြည့်ရဦးမယ်” ထရမ့်က အဲ့သလိုလူမျိုးပါ။
ဇလန်စကီးနဲ့ ထရမ့်တို့ မတွေ့ဆုံမီမှာ ပြင်သစ်သမ္မတမက်ခရွန်၊ ယူကေဝန်ကြီးချုပ် Starmer တို့နဲ့ ထရမ့်က အရင်တွေ့ခဲ့တယ်။ ပြင်သစ်သမ္မတနဲ့ ထရမ့်တို့ကလည်းသိပ် “အစေး မကပ်” ကြသူတွေ ဖြစ်ကြတယ်။ မက်ခရွန် အိမ်ဖြူတော်ဝင်တော့ ထရမ့်က ထွက်ပြီးတောင် မကြိုဆိုခဲ့တာ တွေ့ရသလို ပြန်တော့လဲ လိုက်မပို့ခဲ့ပါဘူး။
“ငါ့ကို ဆရာလာမလုပ်နဲ့၊ ဒီလို ဧည့်ခံမှုမျိုးနဲ့တွေ့သွားမယ်”ဆိုပြီးများ ပညာပေးလွှတ်လိုက်သလား မသိပါဘူး။ ထရမ့်ကို လေ့လာရသလောက် စိတ်ခံစားမှု Emotion ကို မထိန်းသိမ်းနိုင်သူတစ်ဦးလို့မြင်ရပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာခံစားမှုကသပ်သပ်”၊ သံတမန်ကျင့်ဝတ်ကသပ်သပ် ခွဲခြားထားရတာကို ထရမ့်က အရေး မစိုက်သလိုပါပဲ။
ယူကရိမ်းစစ်က ၅ဝ : ၅ဝ
ယူကရိမ်းစစ်ပြီးဆုံးရေးကို ၅၀း၅ဝပဲ မျှော် လင့်လို့ရမယ်လို့ သုံးသပ်ပါတယ်။ ယူကရိမ်းစစ်ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ထရမ့်ဘက်က လုံးဝရပ်တန့်လိုက်ပါပြီ။ ရပ်တန့်ရုံတင်သာ မဟုတ်ပဲ Biden လက် ထက်မှာပေးခဲ့တဲ့ $ 350 Billion ကိုတောင်ပြန်တောင်းနေတာ တွေ့ရတယ်။ NATO ဘက်က အမြင်ကတစ်မျိုးပါ။ ယူကရိမ်းစစ်ရှုံးခဲ့ရင် NATO အဖွဲ့ဝင်နိုင်ငံတွေကိုရုရှားဘက်က စစ်ကျူးကျော်လာမှာကို စိုးရိမ်နေတယ်။ ဒါကြောင့် ယူကေအပါအဝင် နိုင်ငံကြီးတချို့က စစ်ကိုဆက်တိုက်ချင်ကြတယ်။
ထရမ့်ရဲ့ သဘောထားကလဲ ပြတ်သားရှင်းလင်းတယ်။ “ယူကရိမ်းကမင်းတို့ရဲ့အိမ်နီး ချင်းလေ။ အမေရိကန်က အဝေးကြီး၊ ရေမြေ ခြားထားတယ်။ အနေသာကြီးပဲ” ရုရှားကျူး ကျော်လာရင် NATO က နဖူးတိုက် ဒူးတိုက်အရင်တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်က စစ်အင် အားလည်း တောင့်တင်းတော့ ရုရှားအနေနဲ့ အမေရိကန်ကိုထိပ်တိုက်မတွေ့ နိုင်ဘူးလို့ သုံးသပ်ထားတာရယ်၊ ရေမြေခြားပြီး ဝေးကွာလွန်းတာရယ်ကြောင့် အမေရိကန်က ရုရှားရန်ကိုစိုးရိမ်မှုမရှိ
တဲ့အယူအဆပေါ်မှာရပ်တည်ထားတယ်။
ယူကရိမ်းစစ်မှာ NATO အားလုံးထက် အမေရိကန်ထောက်ပံ့တဲ့ ပမာဏက ပိုများပါတယ်။ အမေရိကန် နောက်ဆုတ်သွားရင် ကျန်တဲ့ NATO နိုင်ငံတွေ ထောက်ပံ့တာက ရုရှားကိုခုခံဖို့ လုံလောက်ပါ့မလား။ NATO တစ်ခုလုံးမျှော်လင့် ချက်ကြီးကြီးထားခဲ့တဲ့” အထွေတွေ တန်ပြန်စစ်မှာ” ယူကရိမ်းဘက်က ရှုံးနိမ့်ခဲ့ပြီးပြီ။ အဲ့ဒီအချိန်မှာကတည်းက NATO က ယူကရိမ်းကို အတော်စိတ်ပျက်သွားခဲ့ဖူးတယ်။ NATO အဖွဲ့ဝင်တွေထဲမှာ အမေရိကန်မရှိတော့ရင် နျူလက်နက်ပိုင်ဆိုင်တာဆိုလို့ UK နဲ့ ပြင်သစ်ပဲရှိပါတော့တယ်။ ဂျာမနီတောင်နျူမပိုင်သေးပါဘူး။ UK နဲ့ France
လက်နက်တွေကလည်း ရုရှားနဲ့ယှဉ်လိုက်ရင် အတော်ကွာခြားနေတာကို တွေ့နိုင်ပြန်တယ်။
လိုအပ်လို့ “သူချ၊ကိုယ်ချ”အခြေအနေမျိုးကိုရောက်ရင် NATO တစ်ခုလုံးပေါင်းရင်တောင် ရုရှားကိုယှဉ်ပြိုင်ဖို့ အလွန်ခက်ခဲနေတာ တွေ့ရလိမ့်မယ်။ အမေရိကန်ရှိနေလို့ . ရုရှားဘက်က အတော်လေးထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် နေတာမျိုးဖြစ်ပါတယ်။
ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် ထရမ့်ရဲ့ ရပ် တည်ချက်က အဓိကကျနေပြီး ယူကရိမ်းစစ်ပြေငြိမ်းဖို့ကလဲ ၅၀:၅၀ လောက်ပဲမျှော်မှန်းလို့ရနိုင်ပါလိမ့်မယ်။ အကြောင်းတွေက ရှိနှင့်နေပါတယ်။ ယူကရိမ်းစစ်စဖြစ်ကတည်းက “ပြတ်ပြတ်သားသား သာလွန်လက်နက်”ကိုသာ ရုရှားက အသုံးပြုခဲ့မယ်ဆိုရင် ယူကရိမ်းဟာ “ရက်” ပိုင်းလောက် တောင်ခံနိုင်မယ်မဟုတ်ပါဘူး။ဒါပေမဲ့ စစ်ရှုံးနိုင်ငံတစ်ခုလုံးကိုတော့ ရုရှားက
သိမ်းယူလို့မရပါဘူး။ စစ်ကို “ဆွဲ” တိုက်ပြီး နယ် မြေအစိတ်အပိုင်းတွေကိုသိမ်း၊ ကြားကာလမှာ ညှိနှိုင်းမှု လုပ်ရင်တော့ အသိမ်းခံရတဲ့နယ်မြေတွေပါသွားမှာအမှန်ပါပဲ။ ဒီဗျူဟာပေါ်မှာ ရုရှားက ကျင့်သုံးသွားတာကိုတွေ့ရပါလိမ့်မယ်။
သုံးနှစ်အတွင်း ယူကရိမ်းနယ်မြေ ရာခိုင် နှုန်း ၂၀ ရုရှားဆီပါသွားပါပြီ။ အဲ့ဒီအထဲကမှ သယံဇာတ$ 3 Trillion ဖိုးရှိနေတဲ့နေရာ၊ ပြီးတော့ ပင်လယ်ဘက်ကိုထိန်းချုပ်နိုင်တဲ့ ကမ်းရိုး တန်းတွေကို ရုရှားက သိမ်းသွားတာတွေ့ရပါလိမ့်မယ်။ တကယ်လို့ ထရမ့် လက် ထက်မှာ အပစ်ရပ်တာ၊ စစ်ပြေငြိမ်းတာ မလုပ်နိုင်ရင် ယူကရိမ်းရဲ့ ပိုအရေးပါတဲ့ နယ်မြေတွေ ရုရှားဆီပိုပါသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ၂၀၁၄ တုန်းက ရုရှားက ခရိုင်းမီးယားတစ်ခုလုံးကို သိမ်းပြီး စစ်ပြေ ငြိမ်းပေးခဲ့တယ်။ ၂၀၂၂ စစ်ကိုလည်း လက်ရှိထိန်း ချုပ်ပြီးတဲ့ နယ်မြေတွေကို အပြီးသိမ်းခွင့်ရှိမှ ရုရှားဘက်က စစ်ပြေငြိမ်းပေးမှာ ဖြစ်ပါတယ်။
ဒီတော့ မေးခွန်းက-
– လက်ရှိအသိမ်းခံရတဲ့ နယ်မြေလောက်ကိုပဲ
စွန့်လွှတ်ပြီးစစ်ရပ်မလား
– စစ်ထပ်တိုက်ပြီးနယ်မြေပိုအပါခံမလား
အပေးအယူတွေလုပ်ကြပြီ
ထရမ့်ကယူကရိမ်းစစ်ရပ်စဲအောင်လုပ်မယ်။ပြီးရင် Nobel ဆုကိုချိန်မယ်။ Biden လက်ထက်မှာ အမေရိကန်ပေးခဲ့တဲ့ $ 350 Billion ဖိုးပြန်တောင်းမယ်။ ဒါကြောင့် မြေရှားသတ္တု အပါအဝင် သယံဇာတ $ 500 Billionဖိုး တူးဖော်ခွင့်လက် မှတ်ကို ယူကရိမ်းနဲ့ လက်မှတ်ရေးထိုးဖို့ တစ်ပါ တည်း ထည့်ထားလိုက်တယ်။
ဒီနေရာမှာ ထူးခြားတာတစ်ခုကို တွေ့ရလိမ့်မယ်။ အမေရိကန် – တရုတ် အခြေအနေကလည်း ကုန်သွယ်စစ် ချက်ချင်း မပေါက်ကွဲထွက်တာကအကြောင်းရှိနေတယ်။ Rare Earth ထဲက အရေးကြီးတဲ့ ဒြပ်စင်နှစ်မျိုးကို တရုတ်က ရာခိုင်နှုန်း ၈၀ ထုတ်လုပ်ထားတယ်။ အမေရိကန်ဘက်က ကုန်သွယ်စစ်မီးမြှင့်လိုက်ရင် တရုတ်က တစ်ကွက်ကျန်နဲ့ ပြန်တုံ့ပြန်ဖို့မြှုပ်ကွက်လုပ်ထားတာပါ။
ပူတင်က ထရမ့်ကိုတစ်ခုရောင်းပေးဖို့ ကမ်း လှမ်းလိုက်ပါတယ်။ အဲ့ဒီ တစ်ခုကတော့ အမေရိကန်တွေ လိုအပ်နေတဲ့ REE ကို ရုရှားက ရောင်းပေးမယ်ဆိုတဲ့ မဟာဗျူဟာမြောက် ကမ်းလှမ်းမှုပါပဲ။ ယူကရိမ်းမှာရှိတဲ့ REE သတ္တုသိုက်ထက် အများကြီးပိုကြီးတဲ့ သတ္တု သိုက်ဟာ ရုရှားထဲမှာရှိနေတယ်လို့လဲ ထုတ်ပြောလာတယ်။ တစ်ချက်ခုတ်နှစ်ချက်၊ သုံးချက်ပြတ်တဲ့ကစားကွက် ဖြစ်ပါတယ်။
ယူကရိမ်းစစ်သဘောတူညီချက် မရရင် ရုရှားက စစ်ဆက်တိုက်ပြီး နယ်မြေပိုသိမ်းမယ်။ အမေရိကန်လိုအပ်တဲ့ REE ကိုလည်းလိုသလောက်ရောင်းပေးမယ်။ ရုရှားဘက် “ဘက်လိုက်” တဲ့ သဘောတူညီမှုစာချုပ်ရအောင်လုပ်ပေး၊ ဒါမှမဟုတ်ရင်လည်း ယူကရိမ်းစစ်ထဲက
အမေရိကန်နောက်ဆုတ်သွား၊ ရုရှားဘက်က “ကြည့်လုပ်တော့မယ်” တရုတ်အကျပ်ကိုင်မယ့်ကိစ္စလည်း စိုးရိမ်မနေနဲ့တော့ဆိုတဲ့ သဘောပါပဲ။
American First ဆိုတဲ့အပေါ်မှာ ရပ်တည်နေတဲ့ ထရမ့်ဘက်က “အသေအချာ” တွက်ချက်ရပါတော့မယ်။ဘယ်နည်းလမ်းက အမေရိကန်အတွက် အကျိုးအမြတ်အများဆုံးရမလဲဆိုတာကို တွက်ရပါလိမ့်မယ်။ “ငုတ်တုတ်မေ့” မှာက
ဇလန်စကီးပါ။ ရွေးကောက်ပွဲကိုလဲ ပြန်လုပ်ခိုင်းနေပါပြီ။ အရူးမီးဝိုင်းအဖြစ် ရင်ဆိုင်နေရတဲ့အချိန် ဖြစ်လာပါတော့တယ်။ “ထိုင်”မရ၊ “ထ”မရ ၊ “တစ်ဝက်မေ့” မှာက NATO ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေးကိုလက်ခံမလား၊ စစ်ဆက်တိုက်မလား၊ ငြိမ်းချမ်းရေးကို လက်ခံရင် ငွေမကုန်တော့ဘူး။ ဒါပေမဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုကို ခံရမယ်။ စစ်ဆက်တိုက်ရင် ရုရှားရဲ့ ခြိမ်းခြောက်မှုက
အချိန်ဆွဲလို့ရမယ်။ ဒါပေမဲ့ စစ်ကိုအနိုင် တိုက်နိုင်ပါ့မလား၊ အဲ့ဒီကိစ္စက မသေချာပါ။
အဲ့ဒီတော့ ယူကရိမ်းစစ် အခြေအနေက ဘာနဲ့သွားတူနေသလဲဆိုတော့ တရုတ်သိုင်းဝတ္ထုတွေထဲကလို စာဖတ်ပရိသတ်တွေ ဘယ်နှစ်အုပ်တွဲ ဖတ်ချင်ပါသလဲ၊ စာရေးဆရာလက်ထဲမှာ ဖတ်ချင်သလို ရေးလို့ရတယ်နော် ဆိုသလိုဖြစ်မယ့်ကိန်းဆိုက်သွားပြီလို့ပဲ မြင်ရပါတော့မယ်။
#PAN