ရုရှားကပြန်လာတဲ့ နစက ဥက္ကဋ္ဌကို တရုတ်ရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်လာတွေ့

(ပြည်တွင်း) မတ် ၁၂

ရုရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ရဲ့ဖိတ်ကြားချက်အရ ရုရှားကို ချစ်ကြည်ရေးခရီးထွက်ခွာသွားရာကနေပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H. E. Mr. Deng Xijunက မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမမှာ လာရောက်တွေ့ဆုံံသွားတယ်လို့ သိရပါတယ်။

နစက ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တို့တွေ့ဆုံစဥ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့သလို မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအပေါ် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ့် အခြေအနေတွေ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းတွေ အွန်လိုင်းလောင်းကစားမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ ပပျောက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရုရှားကို ချစ်ကြည်ရေးခရီးထွက်ခွာသွားရာကနေပြန်လည်ရောက်ရှိလာပြီး ရက်ပိုင်းအကြာမှာ တရုတ်ရဲ့အာရှရေးရာအထူးကိုယ်စားလှယ်လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

နစက ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဥ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းအပြင် ​ပြည်တွင်းလျှပ်စစ်မီးဖူလုံစေဖို့ အသေးစားနျူကရီယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့အပြင် ပြည်တွင်းရင်းနှီးမြှပ်နှံမှုအတွက် စာချုပ်ပေါင်း ၁၀ ခုကျော်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရပါတယ်။

#PAN #ရုရှား #နျူကရီးယား #တရုတ်