(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၄

ပြင်သစ်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ချားလ်ဒီဂေါလ်နှင့် အခြားစစ်သင်္ဘော များသည် ဖိလစ်ပိုင်နိုင်ငံ ဆူးဘစ်ပင်လယ်အော်အတွင်း ရောက်ရှိနေကြောင်း ဖေဖော်ဝါရီလ ၂၃ ရက် သတင်းများ တွင် ရေးသားဖော်ပြထားသည်။
ချားလ်ဒီဂေါလ်လေယာဉ်တင်သင်္ဘောနှင့် အခြားပြင်သစ်စစ်သင်္ဘောများသည် ဖိလစ်ပိုင်ရေတပ်နှင့် ပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ဒေသ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဆူးဘစ်ပင်လယ်အော်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသ၌ နှစ်လ ကြာလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး နောက် အနားယူရေးအတွက် ဆူးဘစ်ပင်လယ်အော်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက် တွင် ဝင်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောကြားထားသည်။
ပြင်သစ်ရေတပ်သည် ပြီးခဲ့သည့်နှစ်အတွင်း တောင်တရုတ်ပင်လယ်ဒေသ၌ ပြုလုပ်ခဲ့သော ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ခုတွင် အမေရိကန်ရေတပ်၊ ဖိလစ်ပိုင်ရေတပ်တို့နှင့် အတူ ပထမဆုံးပါဝင်ခဲ့သည်။
ချားလ်ဒီဂေါလ် လေယာဉ်တင်သင်္ဘော၏ ဆူးဘစ်ဆိပ်ကမ်းခရီးစဉ်တွင် အခြားပြင်သစ်ရေတပ်စစ်သင်္ဘောသုံးစီးနှင့် ထောက်ပို့ သင်္ဘောတစ်စီးတို့ လိုက်ပါလာကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများ က ပြောကြားခဲ့သည်။
ပြင်သစ်ရေတပ်သည် အမေရိကန်ရေတပ်ပြီးလျှင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော ရေတပ်ဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews