အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၁၁၁)ဦး ထပ်မံလွှဲပြောင်းပေးအပ်


(မှုခင်း) ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှု လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများတွင် ဆက် စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်း ပေးလျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား (၁၁၁) ဦးကို လူသားချင်းစာနာထောက်ထား မှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည် ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင် လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူ များဖြစ်ကြပြီး ၎င်းတို့ ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိ သူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြကြာင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင် ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)တို့ဖြင့် စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN