(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၆
အမေရိကန်နှင့် အိန္ဒိယနှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏကို လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရောက်ရှိစေရန် တိုးမြှင့်မည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ပြောသည်။

အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် ရေနံနှင့် ဓာတ်ငွေ့ကုန်သွယ်မှုအပေါ် အဓိကထားလုပ်ဆောင်မည် ဖြစ်ပြီး စွမ်းအင်၊ ကာကွယ်ရေးနှင့် ခေတ်မီနည်းပညာစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း မိုဒီ က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဖေဖော်ဝါရီလ ၁၃ ရက်က အိမ်ဖြူတော်၌တွေ့ဆုံစဉ် ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်မှုကို နှစ်ဆတိုးတက်လာစေရေး လုပ်ဆောင်ရန် အမေရိကန်နှင့် အိန္ဒိယတို့က ရည်မှန်းထားကြောင်း ၎င်းကဆက်ပြောသည်။
အလားတူပင် အမေရိကန်အနေဖြင့် အိန္ဒိယသို့ ရေနံနှင့်ဓာတ်ငွေ့အဓိကတင်ပို့သည့် နံပါတ်တစ်နိုင်ငံ ဖြစ်လာရန် ရည်ရွယ်ထားကြောင်း ထရမ့် က တုံ့ပြန်ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်နှင့် အိန္ဒိယနှစ်နိုင်ငံ စလုံးသည် ပူးတွဲသတ္တုတူးဖော်ရေးနှင့် အရေးပါသည့်ဓာတ်သတ္တုများ ပြုပြင်ရေးစီမံကိန်းတို့တွင်လည်း ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက အိန္ဒိယသို့ F-35 ကိုယ်ပျောက်တိုက်လေယာဉ်အပါအဝင် စစ်လက်နက်ရောင်းချမှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထရမ့် က ဆက်လက်ပြောကြားသည်။
အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့သည် ယခုအခါ အကြီးစားမိတ်ဖက်နိုင်ငံများအဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်သည်ဟု ဝန်ကြီးချုပ် မိုဒီ က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
#PAN #အမေရိကန် #အိန္ဒိယ