ဖိအားပေးပြီးဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းနေသည့် ဒေါ်နယ်ထရမ့်၏ချဉ်းကပ်မှုကို အီရန်သမ္မတဝေဖန်


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၂

အီရန်ကိုဖိအားပေးပြီး ဆွေးနွေးညှိနှိုင်းရန်ကြိုးပမ်းနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ချဉ်းကပ် မှုကို အီရန်သမ္မတ မာဆွတ်ပီဖက်ရှ်ကီယန် က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ဝ ရက်က မြို့တော်တီဟီရန်တွင်ပြုလုပ်သည့် အစ္စလာမ္မစ်တော်လှန်ရေး (၄၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ဝေဖန်ပြောကြားလိုက်ခြင်းဖြစ်သည်။

၁၉၇၉ တော်လှန်ရေးသည် အမေရိကန်လိုလားသော မင်းဆက်ကိုဖြုတ်ချကာ အစ္စလာမ္မစ်ဘာသာရေးခေါင်းဆောင်များ ဦးဆောင်သော ယနေ့ခေတ်အစိုးရကို ထူထောင်ခဲ့သည်။

အီရန်နိုင်ငံက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်သည်ဟူသော ပြောကြားချက်နှင့် ပတ်သက်ပြီးလည်း ပီဖက်ရှ်ကီယန် က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုရှုတ်ချခဲ့သည်။

ဂါဇာကမ်းမြောင်၊ လက်ဘနွန်နှင့် ဆီးရီးယားတို့ရှိ ပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်မှာ အမေရိကန်က ကူညီပံ့ပိုးပေးနေသော အစ္စရေးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို မည်သူက အနှောင့်အယှက်အဟန့်အတား ဖြစ်စေသနည်းဟု ၎င်းကမေးခွန်းထုတ်ခဲ့သည်။

ထရမ့် ၏ ပထမအကြိမ် သမ္မတသက်တမ်းကာလအတွင်း နိုင်ငံတကာ နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ်နုတ်ထွက်မှုကိုရည်ညွှန်းကာ ထရမ့် နှင့် ဆွေးနွေးညှိနှိုင်းမှုကို ယုံကြည်မှုမရှိကြောင်း အီရန်နိုင်ငံသားတစ်ဦးက ပြောသည်။

Telegram»…
https://t.me/positiveanglenews

PAN