မဟာအောင်မြေမြို့နယ်တွင် ကားတစ်စီးလုယက်ခံရ


(မှုခင်း) ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၇၆×၇၈ လမ်းကြားတွင် ယနေ့နံနက်အစောပိုင်းချိန်က ကားတစ်စီးလုယက်ခံရပြီး ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး မန္တလေးပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာကုဌာနသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ကားလုယက်ခံရသူမှာ ဦးညွန့်ဝင်း၊ ၅၇ နှစ်၊(ဘ)ဦးသန်း‌မောင်၊ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ၊ ၇၈ လမ်း၊ ၃၇×၃၈ လမ်းကြား၊ အကွက်(၆၅၁)၊ဟေမမာလာမြောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူဖြစ်ပြီး ဦးညွန့်ဝင်း သည် MDY-15/9C/1964 Maxll-99(အဖြူရောင်)ယာဉ်ဖြင့် တစ်ဦးတည်း ၃၈ လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် ၃၈ လမ်း၊ ၇၆×၇၈ လမ်းကြားအရောက် အပေါ့သွားနေစဉ် ၎င်း၏အနောက်မှ ဆိုင်ကယ် ၂ စီးဖြင့် လူ ၄ ဦးရောက်ရှိလာပြီး ဘာလုပ်နေတာလဲဟုမေးကာ ဦးညွန့်ဝင်း ကိုင်ဆောင်သည့်ဖုန်းအား စစ်ဆေးပြီး VPN ပါရှိသည်ဟုပြော၍ ကားပေါ်တင်‌ခေါ်ဆောင်ကာ မောင်းထွက်သွားခဲံပြီး၊ ၎င်းကားဖြင့် သိပ္ပံလမ်းအတိုင်း အရှေ့ဘက် မြို့ပတ်လမ်းသို့လည်းကောင်း၊ ၎င်းမှ လမ်းသစ်အတိုင်းအရှေ့ဘက် ဆည်တော်ကြီးမြောင်း‌ ဘောင်ဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း သိရသည်။

၎င်းမှ မြောင်းဘောင်အတိုင်း မြောက်ဘက် ပုသိမ်ကြီးဘက်သို့ မောင်းနှင်သွားပြီး မြကျောက်ဘုရား YANKON စားသောက်ဆိုင်အနီးအရောက်တွင် အဆိုပါ လူ ၄ ဦးမှ ဦးညွန့်ဝင်းအား ကားပေါ်မှဆွဲချကာ ထိုးကြိတ်ကန်ကျောက်ပြီး ဓားဖြင့်ခုတ်ခဲ့ရာ ဦးညွန့်ဝင်း တွင် ဝဲ/ယာမျက် ကွင်းဖူးရောင်ညိုမဲ၊ ယာဘက်ရင်ဘတ်အောက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခြေထောက် ပြတ်ရှဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး လူ ၄ ဦးမှာ ကားနှင့် ဖုန်းအား ယူဆောင်ကာထွက်ပြေးသွားခဲ့ရာ ဦးညွန့်ဝင်းမှ အနီးပတ်ဝန်းကျင်အား အကူအညီတောင်းရာမှ ပုသိမ်ကြီးမြို့မရဲစခန်းမှ လှည့်ကင်းအဖွဲ့နှင့်တွေ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN