(၂၅၉၁) ကြိမ်မြောက် မန်းရွှေစက်တော်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်စတင်ဖွင့်လှစ်


(ပြည်တွင်း) ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်နံနက်ပိုင်းမှစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးနှင့် မန်းရွှေစက်တော်ဘုရားကြီး ၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြပြီး မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦး ဆိုင်း ဘုတ်ကို ဖဲကြိုးဖြတ်စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်း၊ အောက်စက်တော် ရာ(ခြေတော်ရာ) အလင်းပေါက်ဖန်အုပ်စောင်းတော်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီ တော်မြတ်သံတံခါးအား ဖွင့်လှစ်ပေးခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း များပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်/သံဃာတော်များက ဗုဒ္ဓပါဒစေတီတော်နှစ်ဆူနှင့် အောက်စက်တော်ရာအနီး၌ အသစ်တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့်လိုတရ နမ္မဒါနဂါးရုံဘုရားအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခဲ့ကြပါတယ်။

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်မှဧပြီလ ၁၇ ရက်အထိ ၇၅ ရက် တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး အနယ်နယ်ရပ်ရပ်မှဘုရားဖူးများ ညအိပ်တည်းခို နားနေနိုင်ရန် တည်းခိုဆောင်အခန်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့်ဆောက်လုပ်ပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN