(ပြည်တွင်း)ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ၂၂လမ်း(၈၂x၈၃)ကြားတွင် ယနေ့နံနက်၇နာရီ၅၂မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် level 1 ယာဉ်အုပ်စုများ ထွက်ခွာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့နောက် နံနက်၈နာရီ၁၂မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဥ်မှာ နေအိမ်အပေါ်ထပ်ရှိ ဘုရားစင်ပေါ်တွင် ဖယောင်းတိုင်မီးပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျပြီး အနီးဘေးရှိ ဘုရားစာအုပ်များအား မီးကူးဆက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၃၅၀၀၀၀၀ကျပ် ဖြစ်ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ခင်ကြည်အား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

အလားတူ ယနေ့နံနက် ၁၀ နာရီကျော်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၀x၇၄ လမ်းတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာမီးငြိမ်းသတ်ခဲ့ရာ နံနက်၁၀နါရီ၁၉မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အလားတူ ယနေ့၊ နံနက်၁နာရီ ၁၀မိနစ်အချိန်က ပျော်ဘွယ်မြို့နယ် ထန်းတောကြီးကျေးရွာ၊ ကင်းမကျီးပင်တိုးချဲ့ကွက်သစ်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာနံနက် ၁နာရီ ၅၃ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ကြက်ခြံအချို့မီးလောင်ပျက်စီးသွားသဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PAN #မန္တလေး #မီးလောင်မှုဖြစ်