(ပြည်တွင်း) ဇန်နဝါရီ ၂
ဘီးလင်းမြို့ကနေ နတ်ကြီးကျေးရွာကိုသွားတဲ့ ကားလမ်းပေါ်က နယ်ခြားချောင်းတံတားကို KNU လက်အောက်ခံ KNLA အဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်လို့ ဘီလင်းမြို့နယ်အထက်ဘက်ကလာတဲ့ မီးသွေးနဲ့တောင်ထန်းဖက်တွေ စျေးမြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ နေ့ မနက်ပိုင်းက ဘီးလင်း – နတ်ကြီး – ဖာပွန် ကားလမ်းပေါ်မှာရှိတဲ့ ယင်းအုံကျေးရွာအပိုင် မိုင်တိုင်အမှတ် (၁၀/၁)နဲ့ (၁၀/၂) ကြားက နယ်ခြားချောင်းတံတားကို KNLA တမဟ ၅/ ရင်း ၁၀၂ အဖွဲ့တွေက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့တာလို့လည်း သိရပါတယ်။
“ယင်းအုံံနဲ့ မဲလံကြားကတံတားကိုချိုးလိုက်တာ အခု ယင်းအုံအထက်ပိုင်း နတ်ကြီး မဲလံ ဘက်ကလာမယ့် မီးသွေးနဲ့ တောင်ထန်းဖက်တွေက လာလို့မရတော့ဘူး၊ ဝါးဖောင်နဲ့ဆင်းလို့ရတယ်ဆိုပေမယ့် မြစ်ရေနည်းတော့ ဝါးဖောင်လည်း မဆင်းနိုင်ဘူးဖြစ်နေတယ် အဲ့ဒါတွေ စျေးတက်လာမယ့်သဘောမှာရှိတယ်” လို့ ဘီးလင်းမြို့က မီးသွေးနဲ့ ဖက် ဝါးတွေအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။
KNLA သောင်းကျန်းသူတွေရဲ့ မိုင်းထောင်ဖောက်ခွဲမူကြောင့် တံတားရဲ့ ကြမ်းခင်း အရှည် ပေ ၃၀၊ အကျယ် ၂၄ ခန့် ပေါက်ပြဲပြီး တံတားလက်ရန်းတွေလည်း ကျိုးကျသွားတာကြောင့် ဘီးလင်းမြို့နဲ့ ဘီးလင်းအထက်ပိုင်းကကျေးရွာတစ်ချို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာဖြစ်ပါတယ်။
ဘီးလင်းအထက်ပိုင်းက ဆင်းလာတဲ့ တောင်ထန်းဖက်တွေ မီးသွေးနဲ့ ဝါးတွေကို ဒေသအတွင်းမှာအသုံးပြုယုံမက ရန်ကုန်နဲ့ပဲခူးမြို့တွေအထိပါစျေးကွက်ရရှိထားတာဖြစ်ပါတယ်။
#PAN #KNLA #ဘီးလင်း #ဖာပွန် #နယ်ခြားချောင်းကူတံတား #မိုင်းခွဲခံရ