(နိုင်ငံတကာ) ဇန်နဝါရီ ၂၉

ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းကျွန်း လုံခြုံရေးအတွက် ခရိုနာ ၁၄ ဒသမ ၆ ဘီလီယံ(ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံ) အသုံးပြုသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ထရိုးအယ်လန်းပေါ်ဆင် က ပြောသည်။
ယခုအခါ အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသတို့တွင် လုံခြုံရေးနှင့်ကာကွယ်ရေးအရ စိန်ခေါ်မှုများ ထွက်ပေါ်လာခြင်းကြောင့် ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်း၏လုံခြုံရေးကို တိုးမြှင့်ရန်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပေါ်ဆင် က ဇန်နဝါရီလ ၂၇ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်းကျွန်းနှင့်စပ်လျဉ်း၍ စည်းလုံးညီညွတ်မှုကို တိုးမြှင့်နိုင်ရန် အတွက် ပြင်သစ်၊ ဂျာမနီ အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ယခုရက်သတ္တပတ် အတွင်း တွေ့ဆုံမည်ဟု ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက် ရစ်ဆင် က ပြောကြားပြီးနောက် ကာကွယ်ရေးဝန်ကြီး ပေါ်ဆင် ၏ ပြောဆိုချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ဒိန်းမတ်နိုင်ငံသည် အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသရှိ နိုင်ငံ၏နယ်မြေပေါင်းစည်းရေးကို ကာကွယ်ရန်အတွက် ရေယာဉ်သစ်များ၊ ဒရုန်းများ၊ ထောက်လှမ်းရေးစွမ်းရည်ကို တိုးမြှင့်နိုင်မည့် ဂြိုဟ်တု ဆက်သွယ်ရေးကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဂရင်းလန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး ကနေဒါ၊ ရုရှားနှင့် ဥရောပ ဒေသတို့ကြားရှိ အရင်းအမြစ်ကြွယ်ဝသည့် ကမ္ဘာ့အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်သည်။
Telegram»…
https://t.me/positiveanglenews