(နိုင်ငံတကာ) ဇန်နဝါရီ ၂၉

တရုတ်နှင့် အိန္ဒိယတို့ကြား တိုက်ရိုက်လေကြောင်းပျံသန်းမှု ပြန်လည်စတင်ရန် နှစ်နိုင်ငံစလုံးက သဘော တူညီခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါသဘောတူညီချက်အား တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေတုန်း နှင့် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဗီခရမ်မစ်စရီ တို့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ဇန်နဝါရီလ ၂၇ ရက်တွင် တွေ့ဆုံစဉ် ချမှတ်နိုင်ခဲ့ ခြင်းဖြစ်သည်။
သဘောတူညီချက်အရ တရုတ်ပြည်မကြီးနှင့် အိန္ဒိယနိုင်ငံတို့ကြား လေကြောင်းခရီးစဉ်များ တိုက်ရိုက် ပျံသန်းခြင်းကို ပြန်လည်စတင်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SOC) တွင် တရုတ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုကို အပြည့်အဝထောက်ပံ့ပေးရန် ဆန္ဒရှိနေပြီး SOC ၏ မူဘောင်အရ တရုတ်နိုင်ငံကဦးဆောင်သည့် လုပ်ဆောင်မှုများတွင်လည်း အိန္ဒိယနိုင်ငံက တက်ကြွစွာပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံစလုံးရှိ ပြည်သူများ၏ အခြေခံကျသည့် အကျိုးစီးပွား အတွက် လုပ်ဆောင်သင့်ပြီး တရုတ်-အိန္ဒိယဆက်ဆံရေးအား မဟာဗျူဟာမြောက်နှင့် ရေရှည်ရှုထောင့်မှနေ၍ ရှုမြင်ထိန်းသိမ်းသင့်ကြောင်း တရုတ်နိုင်ငံက တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံကြား လေကြောင်းတိုက်ရိုက် ပျံသန်းမှုအစီအစဉ်သည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှင့် တရုတ်နှင့်အိန္ဒိယတို့ကြား နယ်စပ်အငြင်းပွားမှု များကြောင့် ငါးနှစ်ကြာရပ်ဆိုင်းခဲ့ရပြီးနောက် ပြန်လည်စတင်ခြင်းဖြစ်သည်။
Telegram»…
https://t.me/positiveanglenews